KNU ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲဖြစ်လို့ ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့်ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
- 2022-06-27
-
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို ဒေသခံ သုံးထောင် ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU (ဗဟို) သတင်းနဲ့ ပြန်ကြားရေးက ဇွန်လ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲ သုံးကြိမ်လောက်ဖြစ်ခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျောက်ကြီးမြို့နယ် အင်းနက်အုပ်စု၊ မုန်းမြို့နယ်၊ ရန်မျိုးအောင်ရွာ၊ နောင်ကုန်းရွာ စတဲ့ နေရာအသီးသီးက ဒေသခံ ၃၄၇၂ ဦး ဘေးလွတ်ရာထွက်ပြေးရတာလို့ ဆိုပါတယ်။
လက်နက်ကြီးတွေနဲ့ ပစ်ပြီး ရွာတွေထဲ ဝင်ရောက်တာကြောင့် ထွက်ပြေးနေကြရတာလို့ ဒေသခံ ကရင်လူမှုရေးရာ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေက လက်နက်ကြီးတွေထုပြီး ရွာတွေထဲကို ဝင်တယ်။ ရွာသူ၊ရွာသားတွေက မနေရဲတော့ဘူး။ လွတ်ရာကို ထွက်ပြေးကြရတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေကလည်း ဗျူဟာအရတော့ ထိုးစစ်ဆင်လာတယ်။ နှစ်ဖက်ကတော့ တင်းမာနေကြတယ်။ တချို့အနီးနားက ရွာတွေကလည်း ကြောက်စိတ်ကြောင့် မနေရဲကြတော့ဘူး”
ဘေးလွတ်ရာထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လတ်တလော နေထိုင် စားသောက်ရေးအတွက် တတ်နိုင်သလောက် ကူညီပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၆၀)၊ ခမရ (၄၃၉)နဲ့ ခမရ(၃၅၁) ပူးပေါင်းအဖွဲ့တွေဟာ ဇွန်လ ၂၅ ရက် မနက် ၇ နာရီကျော်ကစပြီး အင်းနက်ရွာအုပ်စုထဲကို လက်နက်ကြီး အလုံး ၄၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ရွာသားငါးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာတွေ ရခဲ့တယ် လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။
အင်းနက်ရွာသား အသက် ၃၅ နှစ်အရွယ် စောသက်ဝေစိုးက ဘယ်ဘက်ခြေသလုံး၊ အသက် ၃၀ နှစ်အရွယ် စောကျော်ကျော်က ဘယ်ဘက်ရင်အုံဘေး၊ အသက် ၂၇ နှစ်အရွယ် စောရန်နိုင်ဝင်းက ညာဘက် ခြေသလုံးနဲ့ ဘယ်ဘက်ခြေဖမိုး၊ အသက် ၃၀ နှစ်အရွယ် မငြိမ်းငြိမ်းစိုးက ညာဘက်ခြေသလုံးနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းနွဲ့ကတော့ ညာဘက် လက်မောင်းမှာ အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
KNU (ဗဟို) ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဒီပစ်ခတ်မှုကြေင့် နေအိမ်တချို့အပါအဝင် ဘာသာရေးကျောင်း အချို့နဲ့ စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပေမယ့် အရေအတွက်တိတိကျကျကို အတည်မပြုရသေးဘူးလို့ ပါဝင်ပါတယ်။