တောင်ကုတ်မှာ မာန်အောင် ဒေသခံ တစ်ရာကျော် ပိတ်မိနေတယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ပြော

မာန်အောင်မြို့နယ်ကနေ တောင်ကုတ်မြို့ကို ဆေးလာကုတဲ့ ဒေသခံ လူနာနဲ့ လူနာစောင့် တစ်ရာကျော် နေရပ်ပြန်ခွင့်မရသေးဘူးလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မစျေးကြီးအနီးတစ်ဝိုက်ကို တွေ့ရစဉ်။ Myanmar Nation Post

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ရေလမ်းနဲ့ ကုန်းလမ်းသွားလာခွင့် ကန့်သတ် ပိတ်ပင်ထားတာကြောင့် မာန်အောင်မြို့နယ်ကနေ တောင်ကုတ်မြို့ကို ဆေးလာကုတဲ့ ဒေသခံလူနာနဲ့ လူနာစောင့် တစ်ရာကျော် နေရပ်ပြန်ခွင့်မရသေးဘူးလို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်း ထုတ်ပြန်ပါတယ်။

ဒါဟာ အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်က ဖိနှိပ်မှုတွေလုပ်နေတာလို့လည်း စွပ်စွဲထားပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေစဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ထဲမှာ မြို့နယ်အလိုက် ဖြတ်သန်းသွားလာခွင့်တွေကို ကန့်သတ်ခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီ တပ်တွေက မြို့အဝင်၊ အထွက်တွေမှာ ဂိတ်ကင်းတွေချထားပြီး ဝင်ထွက်ခွင့်လည်း မပေးဘူးလို့ RFA ကို ပြောပါတယ်။

“ရခိုင်မှာ တိုက်ပွဲတွေစဖြစ်ကတည်းက မြို့ကို အဝင်၊ အထွက်ပိတ်ထားတာ။ အရမ်းအရေးကြီးရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပြပြီးသွားလို့ရတယ်။ ဒီရက်ပိုင်းတောင် အဲဒီထောက်ခံစာနဲ့သွားလို့ မရဘူး။ ပိတ်ထားတယ်”

တောင်ကုတ်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြ တာကြောင့် နေရပ်စွန့်ခွာဖို့ ပြင်ဆင်နေကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တောက်ကုတ်မြို့မှာ စားနပ်ရိက္ခာနဲ့ ကုန်ဈေးနှူန်းတွေ ဈေးမြင့်တက်နေပြီး စက်သုံးဆီ တစ်လီတာကို နှစ်သောင်းကျော် ပေးဝယ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က သွားလာခွင့် ကန့်သတ်ထားတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒီဇင်ဘာ ၂၉ ရက်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို ဒီဇင်ဘာ ၂၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၅၅၀) က လက်နက်ကြီးနဲ့ပစ်ခဲ့လို့ ရွာဟောင်းရပ်ကွက်က အမျိုးသား နှစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org