မူလသဘောတူညီချက်အတိုင်း ပညာရေးဥပဒေ ပြန်ပြင်ပေးဖို့ NNER တောင်းဆို
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကို လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့ အညီ ပြန်လည်ပြင်ဆင်ပေးဖို့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒီနေ့ ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
-
2015-06-29 -
-
-
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့အညီ ပြန်လည်ပြင်ဆင်ပေးဖို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အမျိုးသားပညာရေးဥပဒေဟာ စကားလုံးတွေကိုသာ ပြောင်းလဲထားတာဖြစ်ပြီး အနှစ်သာရက ပြောင်းလဲမှုမရှိဘူးလို့ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောပါတယ်။
"စကားလုံးပဲ ပြောင်းလဲသွားတယ်၊ မူရင်းအနှစ်သာရက မပြောင်းလဲဘူး၊ ပညာရေးကို ပြုပြင်ပြောင်းလဲ ချင်တယ် စေတနာမှန်တယ်ဆိုရင် ဒီဥပဒေလေးတစ်ခုတောင်မှ အများဆန္ဒအတိုင်း လိုက်လျော်ညီထွေမှုဖြစ်အောင် လုပ်သင့်တယ်ဆိုတဲ့ဟာလေးကို ကျနော်ပြောချင်တယ်"
အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နဲ့ NNER တို့ လေးပွင့်ဆိုင် သဘောတူညီချက် ၁၁ ချက်ရှိပြီး အသွင်ကူးပြောင်းရေး ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးခဲ့သူတိုင်းကို ဆက်လက်ပညာသင်ခွင့် ဆိုတဲ့အချက်ကို သာ အခုထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေမှာ ပါရှိတယ်လို့ NNER ကြေညာချက်မှာ ပါရှိပါတယ်။
ကျန်တဲ့အချက် ၁၀ ချက်ထဲက ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေကို ပညာရေးမူဝါဒ၊ နည်းဥပဒေနဲ့ ဆက်စပ်ဥပဒေတွေ ရေးဆွဲရာမှာ ပါဝင်ခွင့်ပေးဖို့ ဆိုတဲ့ အချက်ကို အခုပြဌာန်းလိုက်တဲ့ ဥပဒေမှာ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ဆရာကိုယ်စားလှယ်တွေလို့ ပြင်ဆင်ပြီး ပြဌာန်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်ရဲ့ ၂၀ % အထိ ရောက်ရှိရေးဆိုတဲ့အချက်ကို အခုဥပဒေမှာ ထည့်သွင်းထားပေမယ့် အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိတာကိုလည်း NNER က ကြေညာချက်မှာ ကန့်ကွက်ထားပါတယ်။
လေးပွင့်ဆိုင် သဘောတူညီချက်တွေမှာ ဖျက်သိမ်းဖို့ သဘောတူထားတဲ့ အမျိုးသားပညာရေးကော်မရှင်နဲ့ တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့ကို အခုဥပဒေမှာ ထည့်သွင်းထားတဲ့အတွက် ဗဟိုချုပ်ကိုင်မှုတွေရှိနေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ကျောင်းသားသမဂ္ဂနဲ့ ဆရာသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်ဆိုတဲ့အချက်ကို အခုပြဌာန်းလိုက် တဲ့ ဥပဒေမှာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနဲ့အညီ ဖွဲ့စည်းခွင့်ဆိုတဲ့ စကားလုံးဖြည့်စွက်ထားတဲ့အတွက် ကန့်ကွက်ကြောင်းလည်းပါရှိပါတယ်။ အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က အတည်ပြုလိုက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။