ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မည်

NNER ရဲ့ ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်း မှာပြုလုပ်စဉ်
NNER ရဲ့ ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်း မှာပြုလုပ်စဉ် (ဓါတ်ပုံ - မိုးကလျာဦး/RFA)

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ မနေ့က ပြီးဆုံးသွားပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ NNER ရန်ကုန်ကွန်ရက်ကို တိုးချဲ့ဖွဲ့စည်းဖို့နဲ့ လာမယ့် အစိုးရသစ်လက်ထက်မှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ဆွေးနွေးကြတယ်လို့ NNER အဖွဲ့ဝင် ဒေါ်သူသူမာက ပြောပါတယ်။

"ဒီရန်ကုန် NNER ကွန်ရက်ကနေဦးဆောင်ပြီး အဖွဲ့ဝင်တွေကို စုစည်းပြီးတေ့ာ ကျယ်ပြန့်တဲ့ကွန်ရက်တွေ ဘယ်လိုထူထောင်မလဲ၊ ဘယ်တွေဆက်လုပ်မလဲ၊ အငြင်းပွားဆဲနဲ့ပဲ အမျိုးသားပညာရေးဥပဒေက ရလဒ်ကောင်းမထွက်သေးဘူးပေါ့နော်၊ တက်လာမယ့်အစိုးရနဲ့ အခြေခံအချက် လေးချက်အပေါ်မှာ ကွဲလွဲချက်တော့ရှိတယ်၊ အဲဒါတွေကို ကျမတို့ ဆက်လက်ညှိနှိုင်းဖို့ရှိပါတယ်၊ နောက်တစ်ခုက ကျမတို့ တက်လာမယ့်အစိုးရကို မျှော်လင့်ချက်လည်းထားပါတယ်၊ ယုံလည်းယုံကြည်ပါတယ်၊ ကျမတို့ NNER က ဖော်ထုတ်လိုက်တဲ့ ပြည်သူ့မူဝါဒဟာလည်း ပြည်သူတွေလိုလားတဲ့ ပညာရေးဆိုင်ရာ အကြံပေးချက်ဖြစ်တဲ့အတွက် ဒီတက်လာမယ့်အစိုးရကလည်း လက်ခံဆွေးနွေးသွားမယ်လို့ ယုံကြည်ချက်ထားရှိပါတယ်"

လက်ရှိ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို လေ့လာသုံးသပ်ပြီး အစိုးရသစ်ကို အသိပေးသွားမယ်လို့လည်း NNER တာဝန်ရှိသူတွေက ပြောပါတယ်။

ဆွေးနွေးပွဲကို ဘုန်းတော်ကြီးသင်ပညာရေး ဆောင်ရွက်နေသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရပညာရေးဌာန ဝန်ထမ်းဟောင်းတွေ၊ ပညာရေးနဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသူတွေ စုစုပေါင်း ၇၀ လောက် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။