အကျဉ်းထောင်နဲ့ ကျောင်းသား အဝင်အထွက်
2015.12.22

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ ဒီကနေ့ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာကြပါတယ်။
အိုးဘိုထောင်ထဲမှာ ၅ လ ကျော်ကြာနေထိုင်ခဲ့ရကြောင်း ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဌ ကိုအောင်ဆန်းဦး က ပြောပါ တယ်။
"ထောင်ထဲမှာ ကျနော်တို့ အရေးကြီးတဲ့နေ့တွေမှာ သတင်းတွေ အဖြတ်ခံရတယ်၊ ဥပမာ ရွေးကောက်ပွဲ ကြေညာ တဲ့နေ့တွေမှာ ရလဒ်တွေကို သတင်းဖြတ်ခံရတယ်၊ NCA လက်မှတ်ထိုးတဲ့အချိန်မှာ ထောင်ထဲမှာ သတင်းစာတွေ သွင်းလို့မရဘူး၊ နောက်တစ်ခုက အကျဉ်းထောင် လက်စွဲဥပဒေကို ကျနော်တို့ဖတ်ခွင့်မရဘူး၊ ကျနော်တို့က ဘာလို့ဖတ်ခွင့်မရဘူးလဲမေးတော့ ထောင်ထဲမှာ မင်းတို့အကျဉ်းသားဖြစ်သွားရင် လူ့အခွင့်အရေးဆိုတာ မရှိတော့ဘူးလို့ အပြောခံရတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ကိုဉာဏ်လင်းထက်နဲ့ ကိုနိုင်ရဲဝေတို့ဟာ ရတနာပုံတက္ကသိုလ် မုခ်ဦးရှေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး "စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့ကြလို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ ၃ ဦး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပြီး ကိုနိုင်ရဲေ၀ ကတော့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ကျန်နေသေးတာကြောင့် မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။
အခုလို ကျောင်းသား၃ ဦး ပြန်လွတ်လာပေမဲ့၊ နောက်ထပ် ကျောင်းသား ၃ ယောက် တရားစွဲခံခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ တကသအဖွဲ့ဝင် ကိုစည်သူမောင်၊ ကိုနန်းလင်းနဲ့ ကိုမင်းသုခတို့ ၃ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က အုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ တကသ ခေါင်းဆောင် ကိုနန်းလင်းကို ရုံးထုတ်စဉ်မှာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရဲမှူးက လာရောက် အကြောင်းကြားသွားတာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကိုစည်သူမောင် က ပြောပါတယ်။
"ဒဂုံအရှေ့ပိုင်းမြို့နယ် ရဲမှူးကနေပြီးတော့ ပန်းဘဲတန်း တရားရုံးကိုလာပြီးတော့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဦးလှဌေးရဲ့ ခွင့်ပြုချက်နဲ့ ပုဒ်မ ၁၈ ဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျနော်ရယ်၊ ကိုနန်းလင်းနဲ့ ကိုမင်းသုခရယ် ၃ ယောက်ကို တရားစွဲရတဲ့အကြောင်း လာပြောတယ်၊ သူတို့တရားရုံးတင်ပြီးသွားရင် ရုံးရှေ့ကိုဆင့်ခေါ်စာ သူတို့ပို့မယ်၊ ကျနော်တို့အနေနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းကို လာပြီးဆင့်ခေါ်မယ်ဆိုရင်တော့ သွားဖို့မရှိဘူး၊ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး အရင်ကတည်းက ဒါဟာ ဒီမိုကရေစီနစ်နဲ့ မကိုက်ညီတဲ့ ပုဒ်မတစ်ခုဖြစ်တယ်ဆိုတာ ကန့်ကွက်ထားပြီးဖြစ်တယ်"
နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိကြောင်း ပြဌာန်းထားတဲ့အတွက် သွားရောက် တရားရင်ဆိုင်မှာ မဟုတ်ကြောင်း ကိုစည်သူမောင်ကပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ကိုအောင်ဆန်းဦးကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။