NDF ပါတီ၏ လုပ်ဆောင်ချက်များကို NLD တရားဝင် ကန့်ကွက်ရှုတ်ချ

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီအနေနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်သုံးပြီး မဲဆွယ် စည်းရုံးနေမှုတွေနဲ့ ပတ်သက်ပြီး ကန့်ကွက် ရှုတ်ချကြောင်း NLD က အောက်တိုဘာ ၂၆ ရက် ဒီကနေ့ နောက်ထပ် ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ပါတယ်။

2010.10.26
ndf_election_campaign_305_z.png အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ အဖွဲ့ဝင်များ ရန်ကုန်မြို့ တနေရာတွင် အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ် လက်ကမ်း ကြော်ငြာများ ဝေငှနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အခုလို ပြောဆိုပါတယ်၊။

“ဟို မတ်လ ၂၉ ရက်နေ့တုန်းက ကျွန်တော်တို့ အားလုံး NDF ထဲမှာ ပါနေတဲ့ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေကလည်းပဲ သဘောတူညီပြီးတော့ ဆုံးဖြတ်ချက် ချထားပြီးတဲ့ နောက်ပိုင်းမှာပေါ့ သူတို့က နိုင်ငံရေးပါတီ အဖွဲ့အစည်း လုပ်တဲ့ ကိစ္စမှာ မှန်မှန်ကန်ကန် ရိုးရိုးသားသားလေး သဘောမပါပဲနဲ့ အခုဟာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဖွဲ့ခွဲသဘောမျိုး၊ လုပ်ရတဲ့အကြောင်းကလည်း သူတို့ ဒေါ်အောင်ဆန်းစုကြည်ပဲ သူတို့ရဲ့ ခေါင်းဆောင်ပဲပေါ့။ ဒီအဖွဲ့ချုပ်ရဲ့ life boat သဘောမျိုးနဲ့ သူတို့က ဆက်လက်ပြီးတော့ ဆောင်ရွက်သွားရတယ် ဆိုတာတွေကို ယုံမှားသံသယ ဖြစ်အောင်ဆိုပြီးတော့ ဒါတွေနဲ့ လုပ်နေတာ။ အဖွဲ့ချုပ်ရဲ့ ခမောက်ကိုလည်းပဲ ဒါ သူတို့ NLD အဖွဲ့ရဲ့ ကိုယ်စားအဖွဲ့ သဘောမျိုး စည်းရုံးရေးကဏ္ဍ နီးလာတာနဲ့အမျှ ဒါတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတာ ဖြစ်တဲ့အတွက် ဒါပေါ်မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အဲဒါကို ပြည်သူလူထု သိအောင်ဆိုပြီးတော့ ထုတ်ပြန်ရတဲ့ ကြေညာချက်ပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို မဲဆန္ဒရှင် ပြည်သူတွေကို အသိပေး ကြေညာတဲ့အနေနဲ့ အခုလို ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်း သိရပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလို တုံ့ပြန် ပြောကြားပါတယ်။

“ကန့်ကွက်တာကတော့ ကန့်ကွက်နိုင်ပါတယ်။ ဒါကန့်ကွက်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နာမယ်ကို သုံးပြီးတော့ NDF ပါတီ ခေါင်းဆောင်အနေနဲ့ ကျွန်တော်တို့ မဲဆွယ်ခြင်း မရှိပါဘူး။ အဲ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ဒီမိုကရေစီရဲ့ ပြယုဂ်အနေနဲ့သာ ကျွန်တော်တို့ တင်ထားတာ ဖြစ်ပါတယ်။ ပါတီတခုရဲ့ ခေါင်းဆောင်ဆို ခပ်ကျဉ်းကျဉ်းလေး ကျွန်တော်တို့ ဘယ်သောအခါမှ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ ပါတီရဲ့ ခေါင်းဆောင်အဖြစ် ကျွန်တော်တို့ မပြောဆိုခဲ့ပါဘူး။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည် ဆိုတာဟာ သန်း ၅၀ ကျော် ပြည်သူများရဲ့ ခေါင်းဆောင်၊ သန်း ၅၀ ကျော် ပြည်သူများနဲ့ ဆိုင်တဲ့ အများဆိုင် နာမ်ဖြစ်ပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် နာမယ်သုံးတာနဲ့ပဲ သုံးခွင့်မရှိတော့ဘူး ဆိုလို့ရှိရင်တော့ အင်မတန်မှပဲ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးကို သွားနေတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျာ။”

ခမောက်တံဆိပ်နဲ့ ပတ်သက်လို့ အရင်ကလည်း ရှင်းပြီး ဖြစ်ကြောင်း၊ ဒီတံဆိပ်ဟာ NDF ပါတီက တရားဝင် ခွင့်ပြုချက် ရယူလုပ်ဆောင်တာ ဖြစ်လို့ အတုမဟုတ်ကြောင်း၊ ဒီဆောင်ရွက်ချက်တွေဟာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး လုပ်ဆောင်နေတာနဲ့ တူကြောင်းလည်း ဦးခင်မောင်ဆွေက တုံ့ပြန် ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-10-26 14:57

very disappointment news..... What NLD is doing?

Anonymous
2010-10-26 19:18

ok