ကိုယ်စားလှယ် ရုပ်သိမ်း ဥပဒေ တင်ရင် NLD လက်မခံ
2015.08.17

ဒီနေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ တင်သွင်း လာမယ်ဆိုရင် လွှတ်တော်ကို ဖိအားပေး သလို ဖြစ်နေတဲ့အတွက် လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြ ရာမှာ ဒီကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
"မနက်ဖြန်လွှတ်တော်မှာ ရင်ဆိုင်ရစရာရှိတဲ့ ကိစ္စလေးပေါ့။ အဓိက သူတို့မှန်းဆရတာတော့ Right to Recall ကိစ္စကို သူတို့ တွန်းအားပေးကြလိမ့်မယ်ထင်တယ်၊ ဒါပေမဲ့ အန်ကယ်တို့ရဲ့ သဘောထားကတော့ ဒါသူတို့ပါတီကိစ္စလေ ပါတီကိစ္စကနေ လွှတ်တော်ထဲလာပြီးတော့လုပ်တဲ့ လွှတ်တော်ကို အသုံးချတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်"
ဒါ့အပြင် နိုင်ငံတော်သမ္မတဟာ ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကို သမ္မတအနေနဲ့ တက်ရောက်ခဲ့တဲ့အတွက် သမ္မတဟာ ပါတီနိုင်ငံရေးလုပ်နေသလိုဖြစ်နေပြီး ဖွဲ့စည်းပုံကို ချိုးဖေါက်သလို ဖြစ်နေတယ်လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။
"သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးပဲဖြစ်ဖြစ်၊ ပါတီလုပ်ငန်းနဲ့ ကင်းရတယ်၊ အခုပါတီက ဥက္ကဌလည်းတက် တယ်၊ နှုတ်ဆက်တယ်ဆိုတာ ပါတီအလုပ်လုပ်တာ၊ သမ္မတသည် ပါတီအလုပ်လုပ်တယ်၊ ဒါဥပဒေနဲ့ မညီဘူး၊ ဒါလုံးဝဆန့်ကျင်တယ်၊ အဲ့ကိစ္စတွေကို ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားနေတာ"
ပြည်ခိုင်ဖြိုးပါတီကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပါတီ ဦးဆောင်မှုအပြောင်းအလဲ ကိစ္စလာရောက်ရှင်းလင်းတာ သာဖြစ်လို့ ဖွဲ့စည်းပုံကို ချိုးဖေါက်ရာ မရောက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။