တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် ထောင်တစ်နှစ်ထပ်ချခံရ၊ စုစုပေါင်း ၁၂ နှစ်ရှိပြီ

ထောင်ဒဏ် ၁၁ နှစ်ချခံထားရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီရဲ့ ထားဝယ်ထောင် အထူးတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ နောက်ထပ် ထောင်တစ်နှစ် ထပ်ချလိုက်တယ်လို့ ထားဝယ်လူထုသပိတ် ကော်မတီက ပြောပါတယ်။

NLD ပါတီ၏ တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်အား တွေ့ရစဉ်။ RFA

ထောင်ဒဏ် ၁၁ နှစ်ချခံထားရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီရဲ့ ထားဝယ်ထောင် အထူးတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ နောက်ထပ် ထောင်တစ်နှစ် ထပ်ချလိုက်တယ်လို့ ထားဝယ်လူထုသပိတ် ကော်မတီက ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ ထောင်တစ်နှစ် ထပ်ချလိုက်တာလို့ ထားဝယ်လူထုသပိတ် ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူ့(ဦးမြင့်မောင်)ကို ၁၃၀ (က)နဲ့ အမိန့်ချလိုက်တာ။ ထောင်တစ်နှစ်ပေါ့။ ၁၃၀ (က)နဲ့ နှစ်မှုစွဲထားတာ။ တစ်မှုကို တော့ ဖြုတ်ပေးလိုက်တယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့က အမိန့်ချလိုက်တာပါ”

ဦးမြင့်မောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၀၉၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ထားဝယ်ထောင်တွင်းတရားရုံးကနေ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာ ထောင်ဒဏ် ၁၁ နှစ် ချထားတာပါ။

သူဟာ NLD အစိုးရလက်ထက်က အဂတိလိုက်စားမှုတွေကြောင့် ထောင်ဒဏ်ချမှတ် ခံခဲ့ရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နေရာမှာ ၂၀၁၉ ခုနှစ်ကစပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာပဲ ချက်ချင်းအဖမ်းခံခဲ့ရတာပါ။

ထားဝယ်နိုင်ငံရေး အကျဉ်းသားကွန်ရက်ရဲ့ စက်တင်ဘာလအထိစာရင်းအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃၁ ဦးရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ အဖမ်းခံထားသူစုစုပေါင်း ၁၃၁၀၄ ဦးရှိပြီး အဲဒီအထဲက ၁၇၇၂ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org