NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ မထိုးထားတဲ့အဖွဲ့တွေ KIA လိုင်ဇာမှာ တွေ့ဆုံ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တချို့ ကချင်ပြည်နယ်က KIA ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ သုံးရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။
-
2018-09-20 -
-
-
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တချို့ ကချင်ပြည်နယ်က KIA ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ သုံးရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။
အခုလို တွေ့ဆုံမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာဖို့ နီးစပ်မှု ရှိလာပြီလားလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်ကို RFA က မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားပါတယ်။
“အဲလို အခြေအနေမျိုးကို မျှော်လင့်ပြီး ကျနော်တို့ တွေ့ကြတာပဲပေါ့နော်၊ ဒါပေမဲ့ အဲလိုအဖြေမျိုးက ရဖို့ကတော့ နည်းနည်းလေး ကျနော်တို့ကြားထဲမှာတော့ နောက်ထပ်ပြင်ဆင်ဖို့တွေ၊ တွေ့ဆုံဖို့တွေတော့ လိုအပ်ဦးမယ်လို့ ကျနော်မြင်ပါတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ စုစုပေါင်းသုံးရက်ကြာ တွေ့ဆုံခဲ့ကြတာလို့လည်း ပြောပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ NMSP မွန်ပြည်သစ်ပါတီ၊ CNF ချင်းအမျိုးသားတပ်ဦး၊ KNU ကရင်အမျိုးသား အစည်းအရုံးနဲ့၊ NCA လက်မှတ်မထိုးရသေးတဲ့ KIAကချင်လွတ်မြောက်ရေးအဖွဲ့၊ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေ ထိပ်သီးအစည်းအဝေး လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အချင်းချင်းကြားမှာ လုပ်သင့်တယ်လို့ ဆွေးနွေးထားတာပဲ ရှိပြီး အသေးစိတ် ဆွေးနွေးတာမျိုး မရှိသေးဘူးလို့လည်း ခူဦးရယ်က ပြောပါတယ်။
KIA အဖွဲ့ဟာ NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲ တခြားနည်းလမ်းတစ်ခုနဲ့ အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းကို ဖော်ဆောင်မယ်လို့ ပြောဆိုထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနှစ်ဖွဲ့မှာ ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ်။