ဧပြီလအတွင်း နေအိမ် အဆောက်အအုံ လေးထောင်ကျော် မီးရှို့ဖျက်ဆီးခံရ

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဧပြီလအတွင်း နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ ဆေးခန်း ၄,၀၉၅ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်ရှိ မြို့သစ်ရွာမှ နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

 မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဧပြီလအတွင်း နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ၊ ဆေးရု းဆေးခန်း ၄,၀၉၅ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန၊ မီးသတ်ဦးစီးဌာနက မေလ ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း တစ်ခုတည်းမှာ မီးရှို့ခံရမှု အကြိမ် ၆၀ အတွင်း နေအိမ် ၂,၄၇၇လုံး၊ ဘာသာရေး အဆောက်အအုံ တစ်လုံး၊ ဆေးရုံ တစ်ရုံ မီးလောင် ပျက်စီးခဲ့ပြီး ပြည်သူ ၁၀ ဦးထိ စံချိန်တင် သေဆုံးထိခိုက်မှု အများဆုံး ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးတိုင်းမှာ မီးရှို့ခံရမှု လေးကြိမ်အတွင်း နေအိမ် ၄၅၃ လုံးနဲ့ စာသင်ကျောင်း နှစ်ကျောင်း၊ မကွေးတိုင်းမှာ မီးရှို့ခံရမှု ၁၀ ကြိမ်အတွင်း နေအိမ် ၃၅၁ လုံးနဲ့ ဘာသာရေးအဆောက်အအုံ တစ်လုံး၊ ပြည်သူ တစ်ဦး၊ ချင်းပြည်နယ်မှာ မီးရှို့ခံရမှု ခုနှစ်ကြိမ်အတွင်း နေအိမ် ၁၄၅ လုံးနဲ့ စာသင်ကျောင်း နှစ်ကျောင်း၊ ကရင်ပြည်နယ်မှာ မီးရှို့ခံရမှု သုံးကြိမ်အတွင်း နေအိမ် ၆၃လုံးနဲ့ ဘာသာရေးအဆောက်အအုံ တစ်လုံး၊ တနင်္သာရီတိုင်းမှာ မီးရှို့ခံရမှု နှစ်ကြိမ်အတွင်း နေအိမ် ရှစ်လုံး၊ မွန်ပြည်နယ်မှာ မီးရှို့ခံရမှု တစ်ကြိမ်၊ နေအိမ် သုံးလုံးနဲ့ ရန်ကုန်တိုင်းမှာ မီးရှို့ခံရမှု တစ်ကြိမ်၊ နေအိမ် တစ်လုံးတို့ မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ မီးလောင်ပျက်စီးတဲ့ စာရင်းတွေဟာ သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မြေပြင်သတင်းပေးပို့ချက်တွေကို ကောက်ယူ မှတ်တမ်းတင်ထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ငြုပ်တုံရွာကို အင်အား ၈၀နီးပါး ရှိတဲ့ စစ်ကြောင်းက ဝင်ရောက်စီးနင်း မီးရှို့ခဲ့လို့ နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFAကို ပြောပါတယ်။

"ရွာမှာက စစ်ကြောင်းဝင်တာ လေးခါရှိပြီ။ တစ်ခါလာလိုက် ရှို့သွားလိုက်နဲ့က အခုတော့ တစ်ရွာလုံး ပြာပုံပဲ ကျန်တော့တယ်။ လုပ်ကိုင်စားသောက်စရာ ထွန်တုံးနဲ့ ဘုရားစင်က ညောင်ရေအိုးတောင် မကျန်ခဲ့ပါဘူး၊ အကုန် အကုန်ကို မီးထဲပါကုန်တာပါ"

ပျက်စီးသွားတဲ့ နေအိမ်အများစုဟာ မီးလောင်အား ကောင်းတဲ့ ပျဉ်ထောင်အိမ်တွေ ဖြစ်ပြီး၊ ကျွဲ၊ နွားနဲ့ အိမ်မွေးတိရိစ္ဆာန်တချို့လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်အောင် မလုပ်ဘူးလို့ ပြောဆိုထားပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအနှံ့မှာ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org