နန်စီပွန်မှာ ရေမဆေးသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြဿနာဖြစ်ပွား
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ခိုင်နန်းရွှေကုမ္ပဏီရဲ့ ၅၇ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
-
2018-03-05 -
-
-
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ခိုင်နန်းရွှေကုမ္ပဏီရဲ့ ၅၇ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေမဆေးလုပ်သား ၄ ဦးကို ဖမ်းဆီးထားပြီး ကျောက်မျက်ဥပဒေပုဒ်မတွေအပြင် နာကျင်စေမှုတွေနဲ့ အမှု ဖွင့်ထားတယ်လို့ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် က ပြောပါတယ်။
"လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြင်ထွက်ပြီး ဒီကောင်တွေကို ဖမ်းလိုက်တော့ ၄ ယောက်ဖမ်းမိတယ်။ လေးယောက် ဖမ်းမိတော့ အခုရဲစခန်းမှာ အမှုဖွင့်ထားတယ်။ တရားမဝင် ကျောက်မျက်တူးတာဆိုတော့ ကျောက် မျက်ဥပဒေအရ ပုဒ်မတွေ ၄၁ တို့ ၄၃ တို့ ပါမှာပေါ့။ အဲ့ဒါတရားလိုက ကျောက်မျက်က လုပ်ထားတယ်။ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ဒဏ်ရာရတဲ့အတွက်လည်း ရဲက တရားလိုလုပ်ပြီးတော့ နာကျင်စေမှုတို့ ထိခိုက်ဒဏ်ရာ ရမှုတို့နဲ့ ဖွင့်ထားတယ်လို့ သိရတယ်"
ခိုင်နန်းရွှေကုမ္ပဏီ ကျောက်ကြောမြေစာပုံတွေမှာ ဝင်ရောက်ပြီး ကျောက်ရှာဖွေနေတဲ့ ရေမဆေးလုပ်သားတွေကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထားထွက်ပေးဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာထားပေမယ့် ရေမဆေးသမားတွေက မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေအထိ ဝင်ရောက်ရှာဖွေတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၃ ရက်နေ့ညက ဝင်ရောက်လာတဲ့ ရေမဆေးလုပ်သား ၇၀ ကျော်ကို ရဲတပ်ဖွဲ့တွေက တားမြစ်ရာကနေ ရေမဆေးသမားတွေက လေးခွတွေ၊ ပုလင်းခွံတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ရေမဆေးလုပ်သား ၄ ဦးကို ဖမ်းဆီးထားတဲ့အပြင် အဲဒီညကဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို နာမည်စာရင်း အတိအကျ စုံစမ်းဖော်ထုတ်နိုင်တဲ့အခါ ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် က ပြောပါတယ်။
ခန္တီးရတနာမြေအတွင်း တရားဝင် ဝင်ထွက်သွားလာခွင့် စမတ်ကဒ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က နန်စီပွန် ဒေသမှာ ထုတ်ပေးခဲ့ရာမှာ ဒေသခံ၊ ကုမ္ပဏီဝန်ထမ်းနဲ့ ပြင်ပကနေ လာရောက်သူ ဦးရေ ၁၃၇၀ ကျော်ကို ထုတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။