ကုလ ကိုယ်စားလှယ် ဝန်းကျင် နှီးနှောပွဲတက်

မြန်မာနိုင်ငံကို ငါးရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ နမ်ဘီယာဟာ ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တယ်လို့ သမ္မတအကြံပေး ဦးကိုကိုလှိုင်က အာအက်ဖ်အေကို ပြောပါတယ်။

(ဝဲမှယာ) ယူကရိန်းသမ္မတ Viktor Yushchenko, ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် မစ္စတာနမ်ဘီယာ။ Photo/UN Photo/UN

“အထူးဧည်သည်တော် အနေနဲ့ လာပြီးတော့ စကားပြောတဲ့ ဧည့်သည်တော်တွေ ကတော့ မစ္စတာ နမ်ဘီယာ လာပါတယ်။ နော်ဝေက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီး လာပါတယ်”

နေပြည်တော်ကို ရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာဟာ ဒီကနေ့ အမျိူးသားလွှတ်တော် ဥက္ကဌ ဦးခင်အာင်မြင့်နဲ့ နေလယ်ပိုင်းက တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တခြားနိုင်ငံရေး ပါတီတွေ တိုင်းရင်းသား ပါတီတွေ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

မစ္စတာနမ်ဘီယာ တက်ရောက်တဲ့ နှီးနှောဖလှယ်ပွဲဟာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲပါ။ ဒီနှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ (၁) ရက်ကနေ (၂) ရက်အထိ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပြီး (၄) ရက်နဲ့ (၅) ရက်မှာတော့ ရန်ကုန်မြို့မှာ ဆက်ကျင်းပမယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org