ဖားကန့်မှာ Mytel အင်တာနက်လိုင်း ပြန်ပိတ်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်ပိုင် Mytel အင်တာနက်လိုင်း ပြန်လည်အသုံးပြုလို့ရခဲ့ရာကနေ ၁၄ ရက်အကြာ ဧပြီလ ၁၈ ရက် မနေ့ညကစပြီး လိုင်းတွေ သုံးလို့မရတော့ဘူးလို့ ဖားကန့်ဒေသခံတစ်ဦး က ပြောပါတယ်။

ဖားကန့်မှာ အင်တာနက်ဖြတ်တောက်ခံရခြင်း ငါးလပြည့်သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြည်သူတွေ ဆန္ဒပြစဥ် Photo: Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်ပိုင် Mytel အင်တာနက်လိုင်း ပြန်လည်အသုံးပြုလို့ ရခဲ့ရာကနေ ၁၄ ရက်အကြာ ဧပြီလ ၁၈ ရက် မနေ့ညကစပြီး လိုင်းတွေ သုံးလို့မရတော့ဘူး လို့ ဖားကန့်ဒေသခံတစ်ဦး က ပြောပါတယ်။

ပြည်နယ်ဆက်သွယ်ရေးရုံးကို မေးကြည့်ရာမှာ သူတို့လည်း မသိဘူးလို့ပြောကြောင်း ဖားကန့်မြို့ခံတစ်ဦး က RFA ကို ပြောပါတယ်။

"မနေ့ညကတည်းက သုံးလို့မရတော့ဘူး။ VPN ချိတ်လည်း မရတော့ဘူး။ တချို့က ဖုန်းဘေလ်တွေ အများကြီး ထည့်ထားတာတွေလည်း ရှိကြတယ်။ တချို့က လုံးဝ မသုံးတဲ့သူတွေလည်း ရှိတယ်။ သင်္ကြန်တွင်း ပိုက်ဆံရှာယူလိုက်တာနေမှာပေါ့၊ ဆက်သွယ်ရေးရုံးက လူတွေကို မေးကြည့်တော့လည်း သူတို့လည်း ဘာကြောင့် ပြန်ပိတ်လိုက်တာလဲ မသိဘူးပဲ ပြောတယ်"

ဖားကန့်မြို့မှာ Mytel အင်တာနက်လိုင်းကို ပိတ်ထားရာကနေ ပြန်ဖွင့်တာဟာ အခုနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီဖြစ်ပြီး လတ်တလော တရားမဝင် ကျောက်တူးဖော်မှုတွေရှိနေလို့ သတင်းတွေ ဖုံးကွယ်ချင်တာကြောင့် အခုလို ပြန်ပိတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က Mytel လိုင်းတစ်ခုတည်းကိုပဲ ပြန်ဖွင့်ပေးခဲ့ပြီး အခြား အော်ပရေတာလိုင်းတွေကိုတော့ ပြန်မဖွင့်ပေးသေးဘူးလို့ ပြောပါတယ်။

အခုနှစ် ၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်နေ့က အခုလိုပဲ Mytel အင်တာနက်လိုင်းတစ်ခုကိုပဲ ပြန်ဖွင့်ပေးခဲ့ပြီး တစ်ရက်ကြာတော့ ပြန်ပိတ်လိုက်တယ်လို့ ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး အင်တာနက်လိုင်း တွေ ကို ဖြတ်တောက်ထားပြီး ဧပြီလ ၂၀ ရက် မနက်ဖြန်ဆိုရင် အင်တာနက်လိုင်း ဖြတ်ထားတာ ရှစ်လ ရှိပြီဖြစ်ပါတယ်။

ဖားကန့်မြို့မှာ အင်တာနက်လိုင်း သုံးစွဲဖို့ IP Star နဲ့ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေမှာ ဆိုရင် တစ်နာရီ ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်အထိ ပေးပြီး သုံးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖားကန့်မြို့က Mytel တာဝါတိုင် ငါးခုလည်း ဗုံးခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် ငွေလွှဲတာတွေ၊ အွန်လိုင်းက ပညာသင်တာ တွေ၊ သတင်းအချက်အလက်ယူတာတွေ၊ အချင်းချင်းဆက်သွယ်တာတွေမှာ အခက်အခဲ များစွာ ရှိနေတယ်လို့လည်း ဖားကန့်ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org