မြစ်ကြီးနားအကျဉ်းထောင်တွင်းပစ်ခတ်မှု ဝန်ထမ်း ၁၉ ဦးကို အရေးယူ
မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုကို လူသေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ထောင်ပိုင်ကြီး အပါအဝင် အကျဉ်းထောင် အရာရှိ ၁၉ ဦးကို အရေးယူဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးကို စွဲတင်လိုက်ပါတယ်။
-
RFA Burmese
2024-05-02 -
-
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုကို လူသေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ထောင်ပိုင်ကြီး အပါအဝင် အကျဉ်းထောင် အရာရှိ ၁၉ ဦးကို အရေးယူဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးကို ဒီနေ့ စွဲတင်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဧပြီလ ၂၄ ရက်နေ့ကစပြီး သုံးပွင့်အဆင့်ရှိ ထောင်ပိုင်လေး (ဦးစီးအရာရှိ) ဦးကျော်မင်းဦးနဲ့ ထောင်ဆေးရုံ ဆရာဝန် ဦးထွန်းထွန်းအောင်တို့ အပါအဝင် အကျဉ်းထောင်ဝန်ထမ်းရှစ်ဦးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စတင်စစ်ဆေးခဲ့ပြီးနောက် ထောင်ပိုင်ကြီး (လက်ထောက်ညွန်ကြားရေးမှူး) ဦးကျော်ညွန့်စိန်နဲ့ အခြားဝန်ထမ်းတွေကိုလည်း ပြန်လည်ခေါ်ယူစစ်ဆေးခဲ့တာလို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
“အခုက ထောင်ပိုင်ကြီးတွေ အမှုဖွင့်နိုင်ဖို့ ရုံးတင်လိုက်တဲ့သဘောပေါ့။ ဆိုလိုတာက စုံခုံဖွဲ့စည်းပြီးစစ်တယ်။ အဲဒီစစ်ချက်နဲ့ ရဲလက်အပ်တယ်။ ရဲလက်အပ်ပြီးဆိုတော့ ဘယ်သူက တရားလိုလုပ်မလဲပေါ့။ အခုက အကျဉ်းဦးစီးထဲကပဲ အသစ်ပြောင်းလာတဲ့ ထောင်ပိုင်လေးကနေပြီး တရားလိုလုပ် အမှုဖွင့်ပြီး အခု တရားရုံးကိုသွားနေပြီ။ ဝန်ထမ်းအားလုံး ၁၉ ယောက် ဟုတ်တယ်”
ဒီနေ့မှ တရားရုံးကို သွားနေတာဖြစ်တဲ့အတွက် ပုဒ်မတွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်အမိန့်က မျှတမှုမရှိဘူးဆိုပြီး အကျဉ်းသားတွေက ဧပြီလ ၁၈ ရက်နေ့မှာ ဆန္ဒပြကြစဉ် အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ သေဆုံးသူ ငါးဦးနဲ့ ဒဏ်ရာရသူ ခုနစ်ဦး ရှိခဲ့တာပါ။
အခု ဝန်ထမ်းတွေကို အရေးယူတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနဦးစီးမှူးရုံးနဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနားအကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီအထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။