မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းခံရတဲ့ ရွာသားတွေ ကျေးရွာဟောင်း ပြန်နေ

ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းမှာ အကျုံးဝင်တဲ့အတွက် နေရပ်ရွှေ့ပြောင်းခံရတဲ့ ရွာသားတွေဟာ မူလကျေးရွာဟောင်းတွေမှာ ပြန်နေထိုင်ဖို့ ခွင့်ပြုချက် မရပေမယ့် စားရေး သောက်ရေး အခက်အခဲကြောင့် ပြီးခဲ့တဲ့လမှာ နေရပ်ကို ပြန်ကြတယ်လို့ KDNG ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map) RFA Map

ဧရာဝတီမြစ်မှာ ဆည်တွေ လုပ်နေတာ အပြီးအပိုင်ရုပ်သိမ်းပြီး မူရင်းနေရပ်မှာ တရားဝင် ပြန်လည်နေထိုင်ခွင့်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ နေရပ် ပြန်ကြတာလို့ KDNG က ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာက နေရာချထားပေးတဲ့ စံပြကျေးရွာတွေမှာ ဆောက်ထားတဲ့အိမ်တွေ တစ်နှစ်တောင် မရှိသေးခင်မှာ ပျက်စီးကုန်ကြောင်း၊ လုပ်ကိုင် စားသောက်ဖို့နေရာ တစ်ခုမှ မရှိကြောင်း၊ သွားလာရခက်ခဲလို့ ထောင်လိုဖြစ်နေကြောင်း၊ အဲဒီလို အခက်အခဲတွေ ကြုံနေရလို့ တန်ဖရဲရွာသားတွေ မူလနေရပ်ပြန်ကြတာလို့ KDNG တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစားဂျီးက ပြောပါတယ်။

မိမိ သမ္မတသက်တမ်းမှာ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းမယ်လို့ ဦးသိန်းစိန်က ပြောခဲ့ပေမယ့် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာမှာ လျှပ်စစ်ထရန်စဖော်မာစက်ရုံ ဆောက်လုပ်နေတာ ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီစီမံကိန်းကို အေရှားဝေါလ်နဲ့အတူ လုပ်ကိုင်တဲ့ တရုတ် အစိုးရပိုင် CPI- China Power Investment Corporation တရုတ် လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်းက အလုပ်သမားတွေဟာ မြစ်ကြီးနား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရှိနေတဲ့အကြောင်း၊ ကချင်ပြည်နယ်မှာ ရေကာတာတွေရှိရာ ဆက်သွယ်နိုင်မယ့် လမ်းတံတားတွေ ဆောက်လုပ်နေတဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ မြစ်ဆုံရေကာတာလိုပဲ ဧရာဝတီမြစ်ကို ထိခိုက်တဲ့ မေခနဲ့ မေလိခ မြစ်တွေပေါ်က တခြားရေကာတာစီမံကိန်းတွေကို ထုတ်ဖော် ပြောကြားတာ မရှိတဲ့အကြောင်းလည်း KDNG က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချီဘွေရေကာတာဆိုရင် အတော် ခရီးရောက်နေပြီး အဲဒီကရတဲ့ လျှပ်စစ်ဓာတ်အားကို တခြားရေကာတာ စီမံကိန်းတွေဆီ ပေးပို့မှာပါ၊ ဒါ့အပြင် ရေကာတာ စီမံကိန်းတွေအတွက် မြေတွေတူးရာကထွက်လာတဲ့ မြေကြီးတွေကို မြန်မာနိုင်ငံမှာ မထားဘဲ တရုတ်နိုင်ငံကို သယ်ယူသွားပါတယ်။

ဒီအကြောင်းတွေကို အာအက်ဖ်အေ အဖွဲ့သား ဒေါ်စမ်းစမ်းတင်က မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org