မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ
2012.08.26
မြစ်ကြီးနား တက္ကသိုလ် ဆရာ၊ ဆရာမတွေဟာ စီတာပူ သီတာအေးရပ်ကွက် ကမ်းနားလမ်းပေါ်မှာရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းထုတ်တဲ့ အဆောက်အဦးရှေ့ တလျှောက်က ထူထပ်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို အခုလ (၁၇) ရက်နေ့က စပြီး ခုတ်ထွင်ရှင်းလင်း နေရတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တက္ကသိုလ် ဆရာတစ်ယောက်က RFA ကို ပြောပါတယ်။
"ဆရာ ဆရာမ ဆိုတာ စာသင်ဖို့ပဲလေ။ စာသင်တဲ့အချိန်မှာ ခိုင်းတယ်။ တချို့ဋ္ဌာနဆိုရင် ကျောင်းသူ ကျောင်းသား မရှိဘူး၊ ကျောင်းသူ ကျောင်းသား ရှိတော့လည်း ဆရာ ဆရာမ ဆိုတာ သူတို့က လုပ်ရတာ ခြုံတွေထူတဲ့ အတွက်ကြောင့်မို့သူတို့အားနဲ့ မလုံလောက်တဲ့ အတွက်ကြောင့်မို့ကျောင်းသားတွေကို ခေါ်ခိုင်းတယ်။ ကျောင်းသားတွေက အဲဒီတော့ စာသင်ချိန်တွေ ပျက်တယ်။ ဆရာ ဆရာမတွေကလည်း စာသင်ချိန်တွေ အပျက်ခံပြီးတော့ လုပ်ရတယ်။ ဘယ် တက္ကသိုလ်မှ မခိုင်းဘူး။ ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ။ အစဉ်အဆက် ညှဉ်းပန်းနှိပ်စက် နေတယ်လို့ထင်တာပဲ။ ဘယ်သူမှ မကျေနပ်ကြဘူး။
ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းက မြစ်ကြီးနားတက္ကသိုလ် အရာထမ်းတွေ နေထိုင်တဲ့ လမ်းတလျှောက်က ခြုံနွယ်တွေကို ခုတ်ထွင် ရှင်းလင်းခဲ့ရပြီး အခုလာမယ့် သောကြာနေ့မှာလည်း ဆက်လက် ခိုင်းစေခံရဦးမှာ ဖြစ်ကြောင်း တက္ကသိုလ် ဆရာက ပြောပါတယ်။