မိုင်းယော် ရွာသား ၅ ဦး သတ်ဖြတ်မှု မြန်မာ့တပ်မတော် ဝန်ခံအရေးယူ

မြန်မာတပ်မတော်က ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့နယ်အနီး မိုင်းယော်ကျေးရွာ မှာ သူတို့ စစ်သားတွေက ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တယ် ဆိုတာ မှန်ကန်ကြောင်း၊ အဲ့ဒီ တပ်မတော်သားတွေ ဟာ ကျေးရွာသားတွေကို စစ်ဆေးမေးမြန်းရာမှာ သတ် မှတ်ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း၊ အဲ့ဒီလို မလိုက်နာတဲ့အတွက် စစ်ဆေး စဉ်မှာ ရွာသားတွေ သေဆုံးခဲ့ရကြောင်း၊ သူတို့ကို စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာမှာ အပြစ်ရှိတာကို ဝန်ခံခဲ့ကြကြောင်း၊ ဒီအတွက် ထိရောက်စွာ အရေးယူမှာဖြစ်ကြောင်းနဲ့ အမိန့် ချမှတ်တဲ့အခါ တရားဝင်ထုတ်ပြန် အသိပေးမှာဖြစ်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်မှာ ဇူလိုင်လ ၂၀ ရက်နေ့ကကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ရှင်းလင်းနေစဉ် Photo: Myo Zaw Ko/ RFA

မြန်မာတပ်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အနီး မိုင်းယော်ကျေးရွာမှာ သူတို့စစ်သားတွေက ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း၊ အဲဒီ တပ်မတော်သားတွေဟာ ကျေးရွာသားတွေကို စစ်ဆေးမေးမြန်းရာမှာ သတ်မှတ်ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း၊ အဲ့ဒီလို မလိုက်နာတဲ့အတွက် စစ်ဆေးစဉ်မှာ ရွာသားတွေ သေဆုံးခဲ့ရကြောင်း၊ သူတို့ကို စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာမှာ အပြစ် ရှိတာကို ဝန်ခံခဲ့ကြကြောင်း၊ ဒီအတွက် ထိရောက်စွာ အရေးယူမှာဖြစ်ကြောင်းနဲ့ အမိန့်ချမှတ်တဲ့အခါ တရားဝင် ထုတ်ပြန်အသိပေးမှာဖြစ်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ သေဆုံးသူတွေရဲ့ကျန်ရစ်မိသားစုတွေကို ကူညီထောက်ပံ့မှာ ဖြစ်ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ လုပ်ငန်းစဉ်တွေအတိုင်း မသွားရင် ငြိမ်းချမ်းရေးရရှိဖို့ အလှမ်းဝေးသွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။

UNFC ခေါင်းဆောင်တွေက တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံး အပစ်ခတ်ရပ်စဲရေးကို တပြိုင် တည်းကြေညာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားတာနဲ့ဆက်စပ်ပြီး ရန်ကုန်မြို့ ဇေယျာသီရိ ဗိမာန်မှာ ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းတာကို ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဲ့ဒီလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

"သူတို့အချင်းချင်းလည်းဆွေးနွေးပြီးတော့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ကြီးမှာ ကျနော်တို့အားလုံး လက်မှတ်ထိုးခဲ့ကြပြီးတော့ အမှန်တကယ် ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ဒီအပေါ်မှာ အခြေခံပြီးတော့ Political Dialogue ကိစ္စတွေ ဆက်သွားရမှာဖြစ်ပါတယ်၊ ဒီလုပ်ငန်းစဉ်အတိုင်း မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးမယ့် အနေအထားမျိုးရှိပါတယ်၊ ကျနော်တို့သွားနေတာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုင်ဆောင်ထားပြီး ဒီမိုကရေစီတောင်းလို့မရဘူး၊ အခွင့်အရေး ဆိုတာ တောင်းလို့မရဘူး၊ ငြိမ်းချမ်းရေးဆိုတဲ့လုပ်ငန်းကို သွားကိုသွားရမယ်၊ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်း ကြီးက ပေါ်နေပြီဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်းပဲ သွားနိုင်ဖို့လိုအပ်ပါတယ်ဆိုတာ ရှင်းလင်းတင်ပြခဲ့ ပါတယ်"

အရင်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ NCA အပစ်အခတ် ရပ်စဲရေးစာချုပ်အရဆိုရင် အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့တွေသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပါဝင်တက်ရောက် ဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်။

လာမယ့် ဇူလိုင်၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းကျင်းပမယ့် မိုင်ဂျာယန် ညီလာခံကြောင့် ၂၁ ရာစုပင်လုံညီလာခံအပေါ် ထိခိုက်လာမှာကို စိုးရိမ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ခေါင်းဆောင်တွေနဲ့တွေ့ဆုံရာမှာ ပြောကြား ခဲ့ကြောင်း၊ ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့အကြား သီးခြားဆွေးနွေး သဘောတူထားတာ မရှိသေးကြောင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ တပ်မတော် သဘောထားတူညီသလို ဆက်ဆံရေးကောင်းမွန်နေကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း  လားရှိုးမြို့နယ်အနီး  မိုင်းယော်ကျေးရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူ  နှစ်ဦးဟာ  မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဖြစ်ကြောင်း၊ သူတို့နှစ်ဦး  သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း နဲ့ ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့  ကွန်ပျူတာ ကျောင်းသား  မောင်ဂွမ်ဆိုင်းအောင် သေဆုံး ခဲ့မှုကတော့  မတော်တဆပစ်ခတ်မှုဖြစ်ပြီး  မိမိတို့တပ်ဖွဲ့ဝင်အနေနဲ့  တမင်ရည်ရွယ်ပစ်ခတ်ခဲ့တာ မဟုတ်ကြောင်း  စသဖြင့်လည်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org