တရုတ်နိုင်ငံမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေ ပြေလည်မှုရ
တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့၊ စက်မှုဇုန် (၄) မှာရှိတဲ့ ဟုန်ဟုန်ဖူစိ အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမား ခြောက်ရာကျော် ဆန္ဒပြတောင်းဆိုရာမှ အလုပ်ရှင်နဲ့ ပြေလည်မှုရသွားပါတယ်။
-
RFA Burmese
2025-03-09 -
-
-
တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့၊ စက်မှုဇုန် (၄) မှာရှိတဲ့ ဟုန်ဟုန်ဖူစိ အထည်ချုပ်စက်ရုံမှာ မတ်လ ၈ ရက်နေ့က မြန်မာအလုပ်သမား ခြောက်ရာကျော် ဆန္ဒပြတောင်းဆိုရာမှ အလုပ်ရှင်နဲ့ ပြေလည်မှုရသွားပြီလို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ မြန်မာအလုပ်သမား တစ်ဦးက ပြောပါတယ်။
အချိန်ပိုမဆင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမား နှစ်ဦးကို မြန်မာပြည်ပြန်ပို့မယ်လို့ အလုပ်ရှင်ဘက်က ခြိမ်းခြောက်လာတာကြောင့် ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။
အလုပ်သမားတွေကို အလုပ်မထုတ်ဖို့၊ ဆဲဆိုမှုမပြုလုပ်ဖို့နဲ့ အလုပ်လုပ်ချိန်ကို မနက် ၈ နာရီကနေ ည ၈နာရီအထိပဲ အချိန်သတ်မှတ်ပေးဖို့စတဲ့ တောင်းဆိုချက် ၁၁ ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့တယ်လို့ အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
"တောင်းဆိုမှုက အဆင်ပြေခဲ့ပါတယ်။ ၁၁ ချက် သဘောတူညီမှုရခဲ့တယ်၊ အိုတီဆင်းတဲ့သူတွေကို အချိန်ပိုကြေးပေမဲ့ အချက်တွေပါတယ်။ အလုပ်သမား ကိုယ်စားလှယ်ရွေးခွင့်အတွက် မြန်မာဘက်က သုံးဦးနဲ့ တရုတ်ဘက်က သုံးဦး ထားပေးမယ်ပြောတယ်။ လုပ်ငန်းခွင်မှာထိခိုက်ရင် နေ့ကြေးနဲ့ ရက်မှန်ကြေး ပေးမယ်ပြောပါတယ်။ စာချုပ်ထဲကအတိုင်း တစ်နှစ်ပြည့်မှ ပြန်ရမယ်၊ တစ်နှစ်မပြည့်ဘဲပြန်ရင် ယူနီဖောင်း၊ မွေ့ယာနဲ့ ကျန်းမာရေးစစ်ခ အသက်အာမခံကြေး အလုပ်သမားဝန်ဆောင်ခနဲ့ စကားပြန်ဝန်ဆောင်ခကျသင့်တဲ့ ငွေတွေကိုပြန်ပေးရမယ်၊ တရုတ်-မြန်မာခေါင်းဆောင်တွေက အလုပ်သမားတွေအပေါ် ဆဲရေးတိုင်းထွာတာတွေ မပြုလုပ်ရဘူး၊ လက်မပါရဘူးဆိုတာတွေတော့ သဘောတူညီချက်ရခဲ့ပါတယ်"
သဘောတူညီမှုရခဲ့တဲ့ ၁၁ ချက်အထဲမှာ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုတဲ့ အချက်လည်းပါဝင်ပြီး အချိန်ပိုကြေးကိုလည်း အပြည့်အဝ ခံစားခွင့်ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီး ပုံမှန်အတိုင်း အလုပ်ဆက်လုပ်နေကြတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အတိအကျသိရဖို့ တရုတ်နိုင်ငံ ရန်ကျင်းမြို့မှာရှိတဲ့ ဟုန်ဟုန်ဖူစိ အထည်ချုပ်စက်ရုံဘက်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။