လေးကေ့ကော်မြို့သစ်မှာ NLD အမတ် အပါအဝင် ၂၀ ခန့် ဖမ်းဆီးခံရ

ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးရာ NLD အမတ်တွေ အပါအဝင် အယောက် ၂၀ ခန့် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

လေးကေ့ကော်မြို့သစ်က နေအိမ်တွေကို စစ်ကောင်စီတပ် ၂၀၂၁ စက်တင်ဘာ ၂၈ ရက်နေ့က ဝင်စစ်နေစဥ် ဓါတ်ပုံ - ကဆောဝါ

ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးရာ NLD အမတ်တွေ အပါအဝင် အယောက် ၂၀ ခန့် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီလောက် စစ်တပ်ကအင်အား ၂၀၀ ဝန်းကျင်နဲ့ တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေခဲ့တယ် လို့ ပြောပါတယ်။

"မနက်ကတော့ ၈ နာရီလောက်ကတည်း ဝင်တာ ဒါပေမဲ့ ညကတည်းက သူတို့ရောက်နေတာ။ ပထမက အင်အား ၁၂၀ လောက်ပေါ့။ ပြီးတော့ သူတို့ လူထပ်တိုးပြီး အင်အား ၂၀၀ လောက်ဖြစ်သွားတယ်။ ၂၀ နီးပါးလောက် ဖမ်းခံရတယ်ကြားတယ်။ အမတ်တွေလည်း ပါတယ်ပေါ့ဗျာ"

စစ်တပ်က အခုလို ဝင်ရောက်ဖမ်းဆီးရာမှာ NLD ပါတီရဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် လွှတ်တော်အမတ် ဒေါက်တာ ဝေလင်းအောင် အပါအဝင် အဖမ်းခံရသူ ၂၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

ဒီနေ့မနက်တစ်ချိန်လုံးတော့ စစ်တပ်က အဲဒီမြို့သစ်ထဲမှာ ဆက်လက်ရှာဖွေနေဆဲဖြစ်သလို KNU ဘက်က လှုပ်ရှားမှု မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

အဲဒီမြို့သစ်ထဲကို (ခမရ - ၅၆၀) တပ်က ဝင်ရောက်ရှာဖွေနေတာလို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

တပ်မဟာ ၆ နယ်မြေက လေးကေ့ကော်မြို့သစ် ပတ်ဝန်းကျင်ကို စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရှိတယ်ဆိုပြီး ဝင်ရောက်ရှာဖွေတာ အခုဆိုရင် ၈ ကြိမ်မြောက်ရှိပြီလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကတည်းက လေးကေ့ကော်မြို့သစ်ထဲကို စစ်တပ်က စစ်ကြောင်း လေးကြောင်းနဲ့ ရောက်လာပြီး နယ်မြေခံတပ်ဖြစ်တဲ့ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org