မြန်မာစစ်တပ် ရုရှားထံ စစ်လက်နက် တင်ပို့နေ

မြန်မာစစ်အစိုးရဟာ ရုရှားနိုင်ငံထံ စစ်လက်နက်ပစ္စည်းတွေ တင်ပို့နေတယ်လို့ လပ်ဗီးယားနိုင်ငံ အခြေစိုက် အွန်လိုင်းသတင်းစာ The Insider က ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ရုရှားနိုင်ငံ Novosibirsk မြို့ရှိ Higher Military Command School တွင် စစ်လက်နက်ပစ္စည်းများအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က ကြည့်ရှုနေကြစဥ်။ Myanmar Military

မြန်မာစစ်အစိုးရဟာ ရုရှားနိုင်ငံထံ စစ်လက်နက်ပစ္စည်းတွေ တင်ပို့နေတယ်လို့ လပ်ဗီးယားနိုင်ငံ အခြေစိုက် အွန်လိုင်းသတင်းစာ The Insider က ဇန်နဝါရီ ၁၈ ရက် မနေ့က ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ကိုယ်တိုင်ထုတ်တဲ့ မိုင်းတွေနဲ့အတူ စစ်လက်နက်ပစ္စည်းတွေကို တင်ပို့နေတာလို့ဆိုပေမယ့် အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

မြန်မာနိုင်ငံကို အရင်ကတင်ပို့ထားတဲ့ အနည်းဆုံး ဒေါ်လာ ၂၄ သန်းတန်ဖိုးရှိ တင့်ကားသုံး မြင်ကွင်းကြည့်ကိရိယာတွေကိုလည်း ရုရှားက ပြန်ဝယ်ယူဖို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စီစဉ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်နက်ခဲယမ်းပြတ်လပ်နေတဲ့ ရှရှားနိုင်ငံဟာ တခြားနိုင်ငံတွေဆီက ပြန်ဝယ်ယူဖို့ စီစဉ်ခဲ့ပြီး ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲတစ်ဦးက ၂၀၂၃ ခုနှစ် မတ်လမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို ပြောကြားပြီး လအနည်းငယ်အကြာမှာတော့ စစ်ဖြစ်ပွားနေတဲ့ ယူကရိန်း ရှေ့တန်းတစ်နေရာမှာ မြန်မာနိုင်ငံက အမြှောက်ကျည်တွေကို ရုရှားစစ်သားတွေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရတယ်လို့ The Insider က ဖော်ပြပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြန်ဝယ်နေတာ သံသယဖြစ်ဖွယ်တွေ့ရကြောင်း Nikkei Asia ကလည်း ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က သတင်းဖော်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာလည်း မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ ပေါက်ကွဲအားပြင်းတဲ့ ၁၂၀ မမ မော်တာကျည်တွေကို ရုရှားစစ်တပ်က စတင်အသုံးပြုနေတယ်လို့ ယူကရိန်း စစ်မြေပြင်ဆိုင်ရာ လက်နက်ပစ္စည်း လေ့လာစောင့်ကြည့်နေတဲ့ Ukraine Weapons Tracker အဖွဲ့ကို ကိုးကားပြီး နိုင်ငံတကာစစ်ရေးနဲ့ ကာကွယ်ရေးသတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org