အကောင်းဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်
မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် ကမ္ဘာပေါ်က အဆိုးရွားဆုံး အဖိနှိပ် အရက်စက်ဆုံးနိုင်ငံ အဆင့်ကနေ အကောင်းဘက်ကို ဦးတည် လာနေတဲ့ နိုင်ငံစာရင်းမှာ ရောက်ရှိလာကြောင်း မနေ့က ထုတ်ပြန်တဲ့ Freedom House လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
-
2012-07-02 -
-
-
၂၀၁၁ ခုနှစ်လောက်က စတင်ပြီး နိုင်ငံရေးအရ သဘောထား ပျော့ပြောင်းမှုရှိတဲ့ လမ်းစတွေ ပွင့်လင်းလာခဲ့တဲ့အတွက် အကောင်းဘက်ကို ဦးတည်လာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အဆိုးတကာ့ အဆိုးဆုံး နိုင်ငံတွေ စာရင်းထဲမှာ ပြီးခဲ့တဲ့နှစ်ကအထိ အနှစ်နှစ်ဆယ်မျှ ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့အတူ တရုတ်၊ လာအို၊ ချတ်၊ ဘယ်လာရုစ် နိုင်ငံတွေအပြင် လစ်ဗျားနိုင်ငံမှာလည်း အာဏာရှင် ကဒါဖီပြုတ်ကျ သွားခဲ့တဲ့အတွက် အခြေအနေတွေ အကောင်းဘက်ကို ဦးတည်လာကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်က အဆိုးတကာ့ အဆိုးဆုံး နိုင်ငံတွေထဲမှာတော့ အီရိထြီးယား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်၊ ဆိုမားလီယား၊ ဥစဘက်ကစ္စတန် စတဲ့နိုင်ငံတွေ ပါဝင်ကြပါတယ်။
အရင်က အကောင်းဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်းမှာပါခဲ့တဲ့ ဆီးရီးယားနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေဟာ ပြည်တွင်းဖိနှိပ်မှုတွေကြောင့် အဆိုးတကာ့ အဆိုးဆုံး နိုင်ငံစာရင်းထဲ ရောက်သွားခဲ့ပါတယ်။