မြန်မာငလျင်ဘေးကယ်ဆယ်ရေး ကုလ အကူအညီ ရန်ကုန်ကို ရောက်ရှိ

မတ်လ ၂၈ ရက်နေ့က ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၁၆,၀၀၀ နီးပါးအတွက် ဒူဘိုင်းမြို့ကနေ ထောက်ပံ့ရေးပစ္စည်း ကီလို ၄၀,၀၀၀ ကျော်တင်ဆောင်လာတဲ့ လေယာဉ် ဒီကနေ့ မနက် ၅ နာရီ ၃၂ မိနစ်မှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်

မြန်မာငလျင်ဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို တွေ့ရစဉ် UNHCR

မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးကြီး ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ဧပြီ ၂၃ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့က ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၁၆,၀၀၀ နီးပါးအတွက် ဒူဘိုင်းမြို့ကနေ ထောက်ပံ့ရေးပစ္စည်း ကီလို ၄၀,၀၀၀ ကျော်တင်ဆောင်လာတဲ့ လေယာဉ် ဒီကနေ့ မနက် ၅ နာရီ ၃၂ မိနစ်မှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီထဲမှာ အမိုးအကာအတွက် အလွန်လိုအပ်တဲ့ ရွက်ဖျင်တဲတွေ နဲ့ အိမ်သုံးပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးပြီး၊ ဒဏ်ရာရသူ ၅,၀၀၀ ကျော်ရှိကာ ရာနဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး လူ ၁၇ သန်းကျော် ငလျင်ဒဏ် ပြင်းထန်စွာခံခဲ့ရကြောင်း၊ ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယ နဲ့ တတိယ အကြီးဆုံး မန္တလေး၊ နေပြည်တော် အပါအဝင် မြို့အများအပြား ပြင်းထန်စွာပျက်စီးစေခဲ့ကြောင်း၊ စုစုပေါင်း အိမ်ခြေ ၄၁,၀၀၀ ပြိုကျခဲ့တယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

အရေးပါတဲ့ အခြေခံအဆောက်အဦးတွေ ဆိုးဆိုးရွားရွားပျက်စီးပြီး စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာမြေတွေ ပျက်စီးခြင်းကြောင့် လူတွေ ငတ်မွတ်ခေါင်းပါးပြီး လူသားချင်စာနာထောက်ထားမှု အကူအညီတွေ ချက်ချင်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ရာသီမရွေး မိုးရွာခြင်း နဲ့ အပူလွန်ကဲမှုတွေကြောင့်လည်း ရောဂါဖြစ်ပွားနိုင်ခြေ ပိုပြီး မြင့်မားစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org