မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းနှစ်ခု AA သိမ်းပိုက်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မေယုတောင်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို AA က မေလ ၁ ရက်နေ့က သိမ်းပိုက်လိုက်တယ်လို့ AA အဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
-
RFA Burmese
2024-05-02 -
-
-
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မေယုတောင်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မေလ ၁ ရက် မနေ့က အပြီးသိမ်းပိုက်လိုက်တယ်လို့ AA အဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်း ၇ မိုင်တံတားအနီးက အင်အား လေးဆယ်ခန့်ရှိတဲ့ MRTV တာဝါတိုင် ကင်းစခန်းနဲ့ ၆ မိုင်တံတားအနီးက အင်အား ခြောက်ဆယ်ဝန်းကျင်ရှိတဲ့ စေတီကုန်းကင်းစခန်းကို သိမ်းပိုက် လိုက်တာလို့ ဒီအခြေအနေကို သိရှိထားတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ အဲဒီစခန်းနှစ်ခုကို သိမ်းဖို့ ကြိုးစားနေတာ ကြာပြီ။ နှစ်ပတ်၊ သုံးပတ်လောက်ရှိနေပြီ။ မနေ့ကမှ ရတယ်”
စေတီကုန်းကင်းစခန်းကို သိမ်းရာမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) က တရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
၆ မိုင် စေတီကုန်းစခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ပထမအကြိမ် သိမ်းပိုက်ဖို့ကြိုးစားခဲ့ရာမှာ စစ်ကောင်စီ တပ်က အင်အား သုံးရာခန့်နဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် ရက္ခိုင့်တပ်တော် (AA) က ဆုတ်ခွာပေးခဲ့ရပြီး မနေ့ ကမှ အပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ AA အဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်းပေါ်မှာရှိတဲ့ အဲဒီစခန်းနှစ်ခုဟာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ လမ်းကြောင်းအတွက် အရေးပါတဲ့ စခန်းတွဖြစ်တာကြောင့် စစ်ကောင်စီတပ်က မောင်တောမြို့အနီးမှာရှိတဲ့ မြို့သူကြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅)က လက်နက်ကြီးပစ်ကူတွေအပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ပါ ခုခံကာကွယ်ခဲ့တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမတစ်ကြိမ် ဧပြီလ ၁၅ ရက်နေ့လောက်က အဲဒီ ၆ မိုင်စေတီကုန်းကို သိမ်းလိုက်တယ်။ အဲဒါကို စစ်ကောင်စီတပ်က အင်အားအများနဲ့ ပြန်ထိုးစစ်ဆင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဘူးသီးတောင်ဘက်ကို လက်နက်တွေ သယ်ရင်း လမ်းကြောင်းရှင်းပြီး ထိုးစစ်ဆင်တာ”
မေလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ မောင်တောမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ကျီးကန်းပြင်ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို ဘူးသီးတောင်မြို့နယ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅) ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။