ရေပူဂိတ်ပြန်ဖွင့်မှာကို ကုန်သည်အသင်းတွေ ကန့်ကွက်
မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ၅ နှစ်ကြာပိတ်ထား ခဲ့တဲ့ ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်း ပြန်လည်ဖွင့်လှစ်သွားမှာနဲ့ပတ်သက်ပြီး ကုန်သည် အသင်းအဖွဲ့တွေက ကန့်ကွက်ဝေဖန်မှုတွေ ရှိနေပါတယ်။
-
2017-01-12 -
-
-
မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ၅ နှစ်ကြာပိတ်ထားခဲ့တဲ့ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပြန် လည်ဖွင့်လှစ်သွားမှာနဲ့ ပတ်သက်ပြီး ကုန်သည်အသင်းအဖွဲ့တွေက ကန့်ကွက်ဝေဖန်မှုတွေ ရှိနေပါတယ်။
မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းကဦးဆောင်ပြီး ညီနောင်ကုန်သည်အသင်းအဖွဲ့ ၈ ခုက ရေပူစစ်ဆေးရေးစခန်း ပြန်လည်ဖွင့်လှစ်ခြင်းမပြုဖို့ သဘောထားအကြံပြုချက်တွေကို တာဝန်ရှိသူတွေ ဆီ ပေးပို့သွားမယ်လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အလုပ်အမှုဆောင် ဦးစိုင်းထွန်းကိုကို က ပြောပါတယ်။
"မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်းနဲ့ မိတ်ဖက် ညီနောင်အသင်းတွေ ဖြစ်ကြတဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ကုန်စည်ဒိုင်ရှိမယ်၊ ဆန်စပါးကုန်စည်ဒိုင်ရှိမယ်၊ ကဏန်းလုပ်ငန်းရှင်များ အသင်းရှိမယ်၊ ငါးရှဉ့် လုပ်ငန်းရှင်များအသင်းရှိမယ်၊ ရေလုပ်ငန်းရှင်များအသင်း သစ်သီးဝလံကုန်စည်ဒိုင်၊ မော်တော်ယာဉ်တင်သွင်း သူများအသင်းအဖွဲ့ ကုန်စည်ဒိုင်တွေရှိမယ်၊ အဲဒါတွေအားလုံးက ဒီ မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းကနေ တဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ တင်ပြသွားဖို့ရှိပါမယ်"
မူဆယ်-လားရှိုး လမ်းပေါ်မှာရှိတဲ့ သိန်းနီ(ရေပူ)စစ်ဆေးရေးစခန်းကို အရင်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် က ပြည်သူတွေရဲ့ တင်ပြမှုကြောင့် လွှတ်တော်အဆုံးအဖြတ်ရယူကာ ပိတ်ထားခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။
အခုလို စစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးပြီးဖွင့်လှစ်ပါက ယာဉ်စစ်ဆေးမှုခံယူနေရတဲ့အတွက် အရင်ထက်ပိုဆိုးတဲ့ လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်လာနိုင်ပြီး တရားဝင်ကုန်ကျငွေအပြင် တရားမဝင် ငွေကောက်ခံတာတွေ ရှိလာနိုင်တယ် ဆိုပြီး ကုန်သည်အသင်းတွေက ကန့်ကွက်ကြတာဖြစ်ပါတယ်။
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ဖွင့်လှစ်မယ့်အစားရှိပြီးသား ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်တင်တာ၊ ဝန်ထမ်အင်အား တိုးမြှင့်ချထားတာ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာ၊ လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကို တိုးချဲ့ဆောင်ရွက်ပေးတာမျိုးကိုသာ ဆောင်ရွက်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ထံပေးပို့မယ့် တင်ပြမယ့် အသင်းအဖွဲ့တွေရဲ့ သဘောထားအကြံပြုစာ မှာ ဖော်ပြထားပါတယ်။
ရေပူစစ်ဆေးရေးစခန်းဖွင့်လှစ်ပါက မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ၁၆ မိုင်ဂိတ် ၊ ရေပူဂိတ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းဆိုပြီး စစ်ဆေးရေးစခန်း ၃ ခုရှိလာမှာဖြစ်ပါတယ်။