မူဆယ်မှာ စမတ်ကတ် UID နံပါတ်အတွက် ကျပ်ခြောက်သိန်းကျော် စျေးပေါက်နေ
မေ ၁ ရက်ကစပြီး တရုတ်နိုင်ငံအတွင်း ဝင်ရောက်လိုသူတွေအနေနဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်ဆောင်တာမှာ UID နံပါတ်ပါမှသာ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ နယ်စပ်အာဏာပိုင်တွေက ထုတ်ပြန်ထားတာပါ။
-
RFA Burmese
2024-05-03 -
-
-
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စမတ်ကတ် UID (Unique Identity Number) နံပါတ် ရဖို့အတွက် ပြင်ပမှာ မြန်မာကျပ်ငွေ ခြောက်သိန်းကျော်အထိ ဈေးပေါက်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
မေလ ၁ ရက်နေ့ကစပြီး တရုတ်နိုင်ငံအတွင်း ဝင်ရောက်လိုသူတွေအနေနဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ် ဆောင်တာမှာ UID နံပါတ်ပါမှသာ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ မူဆယ် နယ်စပ်အာဏာပိုင်တွေက ထုတ်ပြန်ထားတာပါ။
ဒါကြောင့် UID နံပါတ်ရဖို့ ပွဲစားတွေကနေတစ်ဆင့် အခုလို လုပ်ဆောင်လာကြတာလို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“စမတ်ကတ် မပါရင် ရွှေလီ-ကျယ်ဂေါင်ကို ဝင်လို့မရတော့။ နောက်ပြီး အခုလုပ်ပေးတာကလည်း မူဆယ်ခရိုင်အတွင်းထဲက လူတွေပဲ အဓိကလုပ်ပေးနေတော့ တခြားပြည်နယ်က လာတဲ့သူတွေက လိုတယ်လေ။ အဲဒီမှာ ပွဲစားတွေကနေ လုပ်ရင်း ဒီလိုဖြစ်လာတာပဲ”
စမတ်ကတ် လုပ်မယ့်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အလှည့်ကျ တုံကင်စနစ်နဲ့ ဆောင်ရွက်ပေးနေပြီး စမတ်ကတ်ရလိုသူ များတာကြောင့် လနဲ့ချီပြီး စောင့်ရတယ်လို့ ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျွန်တော် သွားတန်းစီတာက ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်မှာတန်းစီတာ။ ရမယ့်အလှည့်က ဇွန်လမှ ရမှာ။ အဲဒါ ပွဲစားကို ချိတ်တော့ ခြောက်သိန်းပြောတယ်။ ပွဲစားနဲ့ချိတ်ထားတော့ ရက်ပိုင်းအတွင်းပဲ လ.ဝ.က မှာသွားပြီး စမတ်ကတ်လုပ်ရုံပဲ။ ကျွန်တော်ကတော့ ငွေမတတ်နိုင်သေးလို့ မလုပ်နိုင်ဘူးလေ။ စောင့်ရမှာပဲ”
ပေါက်ဈေး ခြောက်သိန်းမှာ နယ်စပ်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေကို လေးသိန်းကျော်ပေးရပြီး ကျန်တဲ့ နှစ်သိန်းကတော့ ပွဲစားခဖြစ်တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေသူ ခြောက်ရာကနေ တစ်ထောင်အထိ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံဘက်ကလည်း အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး မူဆယ်နယ်စပ်ကို ပြန်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။