ဝက်လက်မြို့နယ် မူးကြီးရွာ နေအိမ် ၂၀၀ နီးပါးမီးရှို့ခံရ၊ သက်ကြီးတစ်ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာမှာ နိုဝင်ဘာ ၂၄ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၂၀၀ နီးပါးမီးရှို့ခံခဲ့ရသလို အသက် ၈၀ အရွယ် ဒေါ်အေးယဉ်ဆိုတဲ့ သက်ကြီးအမျိုးသမီး တစ်ဦး မီးလောင်သေဆုံးသွားတယ်လို့ ဝက်လက်ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ တွေ့ရစဉ်။ Photo: GZ Special Task Force - Wetlet

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာမှာ နိုဝင်ဘာ ၂၄ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၂၀၀ နီးပါးမီးရှို့ခံခဲ့ရသလို အသက် ၈၀ အရွယ် ဒေါ်အေးယဉ်ဆိုတဲ့ သက်ကြီးအမျိုးသမီး တစ်ဦး မီးလောင်သေဆုံးသွားတယ်လို့ ဝက်လက်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဝက်လက်မြို့ထဲက အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ မူးကြီးရွာထဲကို နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှိ့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်က ရွာကိုဝင်ပြီးတော့ PDF နဲ့ပတ်သက်တဲ့သူတွေရဲ့ အိမ်တွေကို မီးဝင်ရှို့တာ။ အိမ်တွေအကုန် မီးကူးလောင်သွားတာ။ ရွာမှာ အိမ်ခြေ ၂၀၀ နီးပါးလောက် မီးလောင်ပြာကျသွားတယ်။ မူးကြီးရွာတောင်ဘက် အခြမ်းတစ်ခြမ်းလုံး ပါသွားတာ။ အဘွား ဒေါ်အေးယဉ်က ထွက်မပြေးနိုင်ဘဲကျန်ခဲ့လို့ မီးလောင်သေသွားတာ။ ရုပ်အလောင်းကျတော့ ခြေ၊ လက်နဲ့ အရိုးစုပဲကျန်တော့တယ်”

ဒေါ်အေးယဉ်ရဲ့ ခင်ပွန်းဖြစ်သူကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ လို့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မူးကြီးရွာထဲ မီးဝင်ရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ စစ်ကိုင်းတိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဟာ အခုသီတင်းတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ကျွန်းလှ၊ ခင်ဦးနဲ့ တန့်ဆည် မြို့နယ်တွေက ကျေးရွာတွေကို ဆက်တိုက်မီးရှို့နေပြီး လူသေဆုံးမှုတွေလည်း ရှိနေတာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org