MSF ကို ကန့်ကွက်တဲ့ကိစ္စ သံအမတ်ကြီး နှစ်ဦး ဆွေးနွေး
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိသျှ သံအမတ်ကြီး Andrew Patrick တို့ဟာ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရက ပြန်လည်ဖိတ်ခေါ်ချက် အပေါ် ဒေသခံတွေကန့်ကွက်နေကြတာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ စစ်တွေ မြို့ပါတီရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
2014-07-28 -
-
-
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိသျှ သံအမတ်ကြီး Andrew Patrick တို့ဟာ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရက ပြန်လည် ဖိတ်ခေါ်ချက်အပေါ် ဒေသခံတွေကန့်ကွက်နေကြတာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ စစ်တွေမြို့ပါတီရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သံအမတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက အခုလိုပြောပါတယ်။
"MSF ကိစ္စနဲ့ပတ်သက်ပြီးတော့ MSF အဖွဲ့အနေနဲ့ ပထမပိုင်းလုပ်ငန်းတွေက နည်းနည်း ရခိုင်လူထုတွေ ရဲ့အမြင်မှာ ရှင်းရှင်းလင်းလင်းမရှိဘူး၊ နားလည်ရခက်တဲ့ အခြေအနေဖြစ်သွားတယ် ဆိုတဲ့ကိစ္စတွေ ကို ဆွေးနွေးတာပေါ့နော်၊ အဲ့ဒါသူတို့လည်း သဘောတူပါတယ်၊ ဟုတ်တယ် နောက်ပိုင်းတော့ ဒီလိုမျိုး မဖြစ်စေရအောင် သူတို့လည်း သူတို့လည်းပြောင်းရွေ့မယ် ဆိုတဲ့အကြောင်းအဲ့ဒါတွေကို ဆွေးနွေး တယ်ဗျ"
MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ ကျန်းမာရေးကူညီမှုလုပ်ငန်းတွေကို ရခိုင်ပြည်နယ်မှာ ပြန်လည် လုပ်ကိုင်ဖို့ ပြည်နယ်အစိုးရက ဖိတ်ခေါ်ချက်ကို ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့အတူ ရခိုင်အမျိုးသားပါတီက လည်း သဘောမတူကြောင်း သံအမတ်ကြီးတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိသျှ သံအမတ်ကြီးတို့ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းတွေနဲ့လည်း ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး စစ်တွေဟိုတယ်မှာ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
ဒီကနေ့ မနက်မှာတေ့ာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ သီးသန့်တွေ့ဆုံခဲ့ တယ် လို့လည်းသိရပါတယ်။