ပုပ္ပါးတောင် မြေပြိုမှုကို ပညာရှင်အဖွဲ့ ကွင်းဆင်း စစ်ဆေးမည်

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ပုပ္ပါးတောင် မြေပြိုမှုကို မနက်ဖြန်ကစပြီး ကွင်းဆင်း စစ်ဆေးမှာ ဖြစ်ပါတယ်။

ပုပ္ပားတောင်ကလပ်အနီး မြေပြိုခြင်းကို လေ့လာခြင်း Photo: Dr. Soe Moe Kyaw Win

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ပုပ္ပါးတောင် မြေပြိုမှုကို မနက်ဖြန်ကစပြီး ကွင်းဆင်း စစ်ဆေးမှာ ဖြစ်ပါတယ်။

အရင်တခေါက်က ရှေ့ပြေးအနေနဲ့ လေ့လာမှုတွေ ပြုလုပ်ထားပေမယ့် ဒီတခေါက်ကတော့ စက်ပစ္စည်းတွေနဲ့ အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်း က ပြောပါတယ်။

"ကျနော်တို့ မြေတိုင်းမယ်၊ ဘူမိဗေဒတွေလည်း ပြန်ဆန်းစစ်မယ်၊ ကျနော်တို့အားလုံး လူ ၁၄ ယောက်လောက်နဲ့ အခု ပုပ္ပါးကို ဝင်တော့မယ်၊ အချိန်ကတော့ အတိအကျတော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ ဘူမိ ရူပဗေဒတွေကတော့ ဒီလောက် အချိန်မကြာပါဘူး၊ ကျန်တဲ့ အသေးစိတ်တွေကတော့ အချိန်ကြာဦးမှာပေါ့၊  ၃/၄ ပတ်တော့ ကုန်ဦး မှာပေါ့၊ ပြီးရင် ဒုတိယအဆင့် ၂ ဆင့်၊ ၃ ဆင့်လောက် လုပ်ရဦးမှာပေါ့၊ အရင်တခါက ရှေ့ပြေး လေ့လာမှုတွေ လုပ်ထားပြီးသားပါ၊ အခုကတော့ လက်တွေ့ ကွင်းဆင်းပြီး အသေးစိတ်ပေါ့လေ၊ ပစ္စည်းကိရိယာတွေ ဘာတွေနဲ့ လုပ်မယ့် အလုပ်ပါ။"

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ဘူမိ အင်ဂျင်နီယာတွေ၊ မြေတိုင်းတာရေးအဖွဲ့တွေ၊ ဘူမိ ရူပဗေဒ တိုင်းတာရေး စတဲ့ အဖွဲ့တွေက အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ အစီရင်ခံစာ တင်ပြသွားမှာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်မှုတွေ ပြီးတဲ့နောက် တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အကြံပေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဦးသန်းထွန်း က ပြောပါတယ်။

အဲဒီလို ပြုလုပ်ရာမှာ စက်ပစ္စည်းတွေ ငှားရမ်းဖို့အတွက်သာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံခဲ့ပြီး ပညာရှင်တွေက လုပ်အားပေးလာကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ကာ ပုပ္ပါးတောင်အနီးက အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာပြီး တောင်တက်ကားလမ်းမှာလည်း မြေအက် ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ ပုပ္ပါးတောင်ကလပ်ရဲ့ ပြောင်းလဲမှုအခြေအနေတွေကို လေ့လာဖို့အတွက် ပုပ္ပါးတောင် ကာကွယ်ရေးအဖွဲ့ကို တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေး၊ စည်ပင်သာယာရေး စတဲ့ဌာန ဆိုင်ရာတွေ၊ ပုပ္ပါးတောင်ချစ်သူများအသင်းတို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မြန်မာနိုင်ငံ ဘူမိသိပ္ပံ ပညာရှင်တွေက ၂ ရက်တာ ကွင်းဆင်းလေ့လာခဲ့ပြီး နေ့စဉ်စောင့်ကြည့် လေ့လာရမယ့် နည်းစနစ်တွေကို ပုပ္ပါးတောင် ကာကွယ်ရေး အဖွဲ့ကို ညွှန်ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org