ပူတာအိုမှာ လေကြောင်းရန်ကြောင့် ဒေသခံ ငါးထောင်ကျော် အခက်ကြုံနေရ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံရှာယာန်ကျေးရွာက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံ ငါးထောင်ကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-02-28
-
-
-
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့် လုံရှာယာန်ကျေးရွာက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံ ငါးထောင်ကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ နေရာထိုင်ခင်းအပြင် စားဝတ်နေရေး အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြ ရတယ်လို့ လုံရှာယာန် ကျေးရွာကနေ တောတောင်ထဲ ထွက်ပြေးနေရတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။
"မိုးတွေရွာရင် အရမ်းခက်တယ်။ နေရာတွေလည်း ခက်ခဲတယ်။ ကလေးတွေနဲ့ဆိုတော့ အမေတွေလည်း အရမ်းခက်ခဲတယ်။ အဝတ်အစား၊ စောင်တွေ မပါတာတွေလည်း အများကြီးပဲ။ ဒီတိုင်းထွက်ပြေးလာရတယ်ဆိုတော့ ပိုက်ဆံက မရှိကြဘူး။ တောမှာရှိတဲ့ ငှက်ပျောသီးတွေကိုပဲ စားပြီး နေနေရတဲ့သူတွေလည်း ရှိတယ်။ ဖျားရင်လည်း အရမ်း အခက်အခဲ ရှိတယ်။ ဟိုနေ့ကလည်း အဖိုးတစ်ယောက် ချွဲကျပ်လို့ လမ်းရောက်တဲ့အထိ ထမ်းပြီး ဆိုင်ကယ်နဲ့ ဆေးရုံသွားပို့ရတယ်"
လုံရှာယာန်ကျေးရွာသား ငါးထောင်ကျော်မှာ နှစ်ထောင်လောက်က မြစ်ကြီးနားနဲ့ ပူတာအိုမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်သုံးထောင်လောက်ကတော့ ရွာနားက တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ပြောပါတယ်။
တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ တစ်နေရာတည်းမှာ စုစည်းနေထိုင် တာမျိုး မဟုတ်ဘဲ လုံခြုံမယ်လို့ ယူဆတဲ့နေရာတွေမှာ ဟိုတစ်စု၊ ဒီတစ်စုနဲ့ ပြန့်ကျဲပြီး နေထိုင်နေကြရတာလို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေ လုပ်မှာစိုးရိမ်တာကြောင့် တောထဲမှာ မနက်အစောပိုင်းကပင် ချက်ပြုတ်စားသောက်နေကြရသလို အိမ်ကိုလည်း မပြန်ရဲကြ သေးဘူးလို့ ဆိုပါတယ်။