ယင်းမာပင်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

2022.03.26
ယင်းမာပင်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတပ်တွေ မြေပြင်မှာ ထိပ်တိုက်တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီတပ်တွေ ကတော့ ကျေးရွာတွေထဲကို နေ့စဉ် ဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နယ်တွေကလည်း ၂၇ ရက် အတွင်း အကုန်ရှင်းမယ်ကြားတော့ ရွာတွေထဲမနေရဲဘဲ တောတွေထဲ နေကြတာ"

မတ်လ ၂၅ ရက် မနေ့ညက စစ်ကောင်စီတပ်ဟာ တမာပင်ဂွရွာကိုဝင်စီးပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့လို့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသား တစ်သောင်းကျော် ညတွင်းချင်း ထွက်ပြေးနေကြရတယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုခန့်က ပြောပါတယ်။

“မနေ့ညတုန်းကဆိုရင် စစ်ဘေးရှောင် တစ်သောင်းကျော် ညတွင်းချင်း အိုးမဲ့အိမ်မဲ့ စွန့်ခွာပြီး ထွက်ပြေးကြရတယ်။ မနေ့ကဆိုရင် ရန်သူ့စစ်ကောင်စီဟာ အင်အား အများအပြားနဲ့ တမာပင်ဂွရွာကို ဝင်တယ်။ စီးနင်းတယ်၊ ဖျက်ဆီးတယ်၊ လက်ရှိ အခြေနေကတော့ စစ်ကောင်စီကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေပြီး တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး“

ဘေးလွတ်ရာ ထွက်ပြေးကြသူတွေထဲက ၂ဝဝ ကျော်ကို မြောက်ယမား ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့က စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ယင်းမာပင်မြို့ အနီးဝန်းကျင်ကရွာ တွေဖြစ်တဲ့ နှောရိုး၊ ကောင်းဆင့်၊ ပြန်လှည့်၊ ရွာသာ၊ ရွာထောင်၊ မြို့ကြီး၊ မြေကျက်ဆူ၊ တမာ ပင်ဂွ၊ လက်လှုပ်၊ ပြောင်းပြာ စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြတာပါ။

စစ်ကောင်စီတပ်သားတွေ အခုရက်ပိုင်းအတွင်း ယင်းမာပင်မြို့ပေါ်မှာ အင်အား ၅ဝဝ လောက်အထိ ဖြည့်တင်းကာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်သားတွေဟာ ယင်းမာပင်မြို့က စိုက်ပျိုးရေးရုံး၊ စုပေါင်းရုံးအပါအဝင် နေရာအချို့မှာ ဖြန့်ကျက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ်ထဲ စစ်အင်အားတိုးချဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

စစ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်တိုင်း ရှောင်တိမ်းနေရတာကြောင့် အသက်ကြီးသူတွေ ကျန်းမာရေးထိခိုက်လာတယ်လို့ ပြောင်းပြာကျေးရွာက လုံခြုံရေး အရအမည် မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“သူတို့ဝင်တဲ့ရွာနဲ့ ကျမတို့ရွာနဲ့က ယာပြင်ပဲခြားတယ်။ သူတို့လာမယ့်နှုန်းနဲ့တွက်ပြီး ရှောင်လိုက်တာ၊ များသောအားဖြင့်တော့ ယာပြင်ဘက်ကနေ စစ်ကြောင်းကဝင်ဖူးတော့ ရှောင်လိုက်တာ၊ ဒီလိုတိမ်းရှောင်ရမယ်ဆိုတာ တွက်ထားပေမယ့် ရှောင်ရတဲ့အရေ အတွက်က များလာတော့ လူကြီးတွေတော့ စိတ်ထိခိုက်ကြတယ်။ တော်လှန်ရေးက တော့ ရှိဦးမှာဆိုတော့ ပုံမှန်အတိုင်း တော်လှန်ရမှာပေါ့“

ပြောင်းပြာရွာဒေသခံတွေက အခုလ တစ်လတည်းမှာတင် နေအိမ်တွေကနေ သုံးကြိမ် ထက်မနည်း ထွက်ပြေးခဲ့ကြရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေလုပ်မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာ ပျံ့နှံ့နေတဲ့အတွက် ယင်းမာပင်မြို့က ဒေသခံတွေလည်း တခြားမြို့တွေကို ရှောင်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ယင်းမာပင်မြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

“တစ်ယောက်နဲ့တစ်ယောက်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ၊ ၂၇ မှာ ဘာဖြစ်မယ်ဆိုပြီး ရေရေရာရာမသိဘဲ ပြေးကြရှောင်ကြတာ၊ တပ်မတော်နေ့ကို တစ်အိမ်တစ်ယောက် ထွက်ရမယ်ဆိုပြီးလည်း သတင်းတွေက ထွက်နေတာ၊ နယ်တွေကလည်း ၂၇ ရက် အတွင်း အကုန်ရှင်းမယ်ကြားတော့ ရွာတွေထဲမနေရဲဘဲ တောတွေထဲ နေကြတာ၊ မနေ့ကညကလည်း ပစ်တယ်။ ဘယ်သူတွေ ဘယ်လိုပစ်နေကြတာလဲတော့ မသိဘူး၊ ရှောင်တဲ့သူတွေကတော့ လကုန်မှ ပြန်လာကြမယ့်သူတွေများတယ်“

yinmarpin-refugees-flee.jpg
ယင်းမာပင်မြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ယင်းမာပင်မြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ ၆ လနီးပါးရှိပါပြီ။

အခုလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား ၁ဝဝ ကျော်ဟာ မနက်အစောပိုင်းမှာ နှောရိုးရွာကို ဝင်ရောက်လာပြီးနောက် ရွာက ဘုန်းကြီးအပါအဝင် ဒေသခံ ရှစ်ယောက်ကို ဒေသကာကွယ်ရေး တပ်သားတွေဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျူ (ISP- Myanmar) ရဲ့ အခုလ မတ်လ ၂၅ ရက်ထုတ်ပြန်ချက်အရ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ၂ဝ၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၂ဝ ရက်အထိ ကိုးလတာအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပေါင်း ၇၆၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက တိုက်ပွဲပေါင်း ၂၉၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ် ပွားမှု အများဆုံးဖြစ်ခဲ့တယ်လို့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။