မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲမြို့ကို ဒေသခံတွေ စွန့်ခွာသွားကြပြီး နေထိုင်သူအနည်းငယ်ပဲ ကျန်တော့တယ်လို့လည်း ဆိုပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းက ကယားပြည်နယ် နယ်စပ်တစ်နေရာတွင် တွေ့ရစဉ်။ Photo: KNDF

ရှမ်း-ကယား(ကရင်နီ)နယ်စပ် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ရယူဖို့ ကြိုးစားနေပြီး အင်အားသုံး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မိုးဗြဲမှာတော့ တိုက်ပွဲတွေနေ့တိုင်းပြင်းထန်နေတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဉ်စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲတွေက နေ့တိုင်းနီးပါး ပြင်းထန်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက စွမ်းစွမ်းတမံ ခုခံတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေလည်းရှိတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်မှုတွေလည်း ဒီရက်ပိုင်းမှာ လုပ်လာတာရှိတယ်"

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ စတင်တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ ကြိုးစားရာမှာ မိုးဗြဲ - လွိုင်ကော်လမ်းကနေ စစ်ကြောင်းထိုးနေသလို မိုးဗြဲ အခြေစိုက် ခမရ-၄၂၂ တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့ကို ဒေသခံတွေ စွန့်ခွာသွားကြပြီး နေထိုင်သူအနည်းငယ်သာ ကျန်ရှိနေတော့ကြောင်း ဆိုပါတယ်။

မတ်လ ၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ညကလည်း မိုးမိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးခြောက်ကြိမ် ကြဲချခဲ့တာကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီသူတွေကပြောပါတယ်။

မိုးဗြဲမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org