မင်းကင်းမြို့နယ်က ဒေသခံ ၅၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရ

ဖမ်းဆီးခံရတဲ့ ဒေသခံ ၅၃ ဦးထဲမှာ အသက်လေးနှစ်အရွယ် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်စွဲထားသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နဲ့ သုံးမိုင်အကွာ ချင်းတွင်းမြစ်ဘေး ပုထိုးလုံးရွာက ဒေသခံ အရပ်သား ၅၃ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့က အင်အား ၁၀၀ နီးပါး ရှိတဲ့ စစ်ကြောင်းက ပုထိုးလုံးရွာကို ရုတ်တရက် ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတချို့က ထွက်ပြေးတိမ်းရှောင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ ၅၃ ဦးထဲမှာ အသက်လေးနှစ်အရွယ် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖမ်းပြီးတော့ ချင်းတွင်းမြစ်အတိုင်း ပြန်ဆင်းသွားတယ်ပေါ့။ ဘယ်ကိုသွားတယ်ဆိုတာတော့ ကျနော်တို့ အတိအကျ မသိရသေးဘူး၊ နောက်ထပ် စစ်ကြောင်းတွေ ဝင်လာဦးမယ်လို့ သတင်းတွေ ကြားနေတယ်။ အခုထိတော့ ရွာက ဒေသခံတွေ အကုန်လုံးက အိမ်မပြန်ကြတော့ဘူး။ ဖမ်းဆီးခံထားရတဲ့ အရေအတွက်ကို အတည်ပြုနိုင်ပေမယ့် ကျား၊ မ အရေအတွက်ကိုတော့ စိစစ်နေတုန်းပဲ"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

ပုထိုးလုံးရွာကို စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်စီးနင်းတဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုထိုးလုံးရွာဟာ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ပြီး ဒေသခံအများစုက စိုက်ခင်း၊ ယာခင်းတွေနဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org