ဦးမင်းဌေးရဲ့ တရားခံပြသက်သေအဖြစ် ABSDF ဥက္ကဌ စစ်ဆေးခံခဲ့
ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှာ မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသခေါင်းဆောင် ဦးမင်းဌေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က မိုးမောက်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ တရားခံပြသက်သေ နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ABSDF အဖွဲ့ ဥက္ကဌ ဦးသံခဲကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးခဲ့ပါတယ်။
-
2017-08-16 -
-
-
ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှာ မတရားအသင်းပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသခေါင်းဆောင် ဦးမင်းဌေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က မိုးမောက်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ တရားခံပြသက်သေ ၂ ဦးထဲက တစ်ဦးဖြစ်တဲ့ ABSDF အဖွဲ့ ဥက္ကဌ ဦးသံခဲကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးခဲ့ပါတယ်။
ABSDF အဖွဲ့ဟာ NCA ရော ပြည်ထောင်စုအဆင့်မှာပါ လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းဖြစ်သလို မတရားအသင်း အဖြစ်ကလည်း လွတ်ကင်းတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းနဲ့ ဥပဒေအရာရှိ မေးမြန်းချက်တချို့ကိုလည်း တရားခံပြ သက်သေတစ်ဦးဖြစ်တဲ့ ABSDF အဖွဲ့ ဥက္ကဌ ဦးသံခဲ က ပြန်လည်ဖြေကြားခဲ့တယ်လို့ ကိုမင်းဌေး ရဲ့ ဇနီးဖြစ်သူ ABSDF မြောက်ပိုင်းကော်မတီ အထွေထွေအတွင်းရေးမှူး မနန်းယဉ် က ပြောပါတယ်။
"ဥက္ကဌပေါ့နော်၊ ရဲဘော်သံခဲကတော့ ဒီ ABSDF က ဒီ NCA မှာရော၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ဥစ္စာပြောတယ်၊ နောက်ပြီးတော့မှ ABSDF ဟာ မတရား အသင်းအဖြစ်ကလည်း လွတ်ထားတဲ့အဖွဲ့ဖြစ်တယ် ဆိုတဲ့ဥစ္စာမျိုးကို ပြောပါတယ်ရှင့်၊ အစိုးရရှေ့နေပေါ့နော်၊ ဥပဒေအရာရှိပေါ့၊ သူတို့ကတော့မေးတာ KIA ကနေပြီးတော့မှ ထောက်ပံ့မှှုတွေရှိနေသလား၊ KIA အတွက် အလုပ်တွေလုပ်ပေးနေတယ်ပေါ့ ဆိုတဲ့ဥစ္စာမျိးတွေ သိသလားပေါ့၊ အဲ့လိုမျိုးတွေ မေးပါတယ်၊ ဒါပေမဲ့ ကျမတို့ ဒီသက်သေကလည်း သူတို့မသိဘူးဆိုတဲ့ဥစ္စာမျိုးကို ပြောပါတယ်"
လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ရုံးချိန်းထပ်ချိန်းထားပြီး တရားခံပြသက်သေ နောက်ထပ်တစ်ဦးဖြစ်တဲ့ ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ဦးသူရကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဦးမင်းဌေးဟာ ဗန်းမော်မြို့ကနေ လွယ်ကျယ် အသွားလမ်းဖြစ်တဲ့ မိုးမောက် မြို့နယ် စိန်လုံစစ်ဆေးရေးဂိတ်မှာ အဖမ်းခံရပြီး အဲဒီကနေတဆင့် ဗန်းမော်အကျဉ်းထောင်ကို ပို့လိုက်တာဖြစ် ပါတယ်။
ဦးမင်းဌေးကို ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက်မှာ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် စကခ - ၂၁ က ဗိုလ်ကြီးအဆင့်ရှိတဲ့ တပ်မတော်အရာရှိတစ်ဦးက မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့က ကိုမင်းဌေး ကို ၂၄ ကြိမ်မြောက်ရုံးထုတ်ရာမှာ တရားခံပြသက်သေတစ်ဦးကို စတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။