မင်းတပ်က စစ်ဘေးဒုက္ခသည်ကူညီရေးရုံး ဗုံးကြဲတိုက်ခိုက်ခံရလို့ ကူညီမှုလုပ်ငန်းများ ရပ်နားထားရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ ယာယီအထိုင် ရုံးနေရာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ရှိမှာ ကူညီထောက်ပံ့မှု လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ကော်မတီဝင်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။

လေကြောင်းတိုင်ခိုက်မှုကြောင်း ပျက်စီးသွားသည့် မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှု ကော်မတီ ယာယီအထိုင်ရုံးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Mindat Township IDPs Camp Management Committee

ချင်းပြည်နယ် မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ ယာယီအထိုင် ရုံးနေရာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်တာကြောင့် လက်ရှိမှာ ကူညီထောက်ပံ့မှု လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ကော်မတီဝင်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ယာယီထိုင်ရုံးအဖြစ် ဖွင့်လှစ်ထားတဲ့ မင်းတပ်မြို့နယ် ပလိပ်ထွီရွာက ဘုန်းကြီးကျောင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခံခဲ့ရတာပါ။

ကော်မတီ အဖွဲ့ဝင်တွေအားလုံး ဒဏ်ရာရတာကြောင့် လက်ရှိမှာ ဘေးလွတ်ရာကို တိမ်းရှောင်ပြီး ဆေးကုသမှုခံယူနေရတာကြောင့် ကူညီထောက်ပံ့မှုလုပ်ငန်းတွေ ရပ်နားထားရတာလို့ ကော်မတီ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ကျနော်တို့ ခန့်မှန်းတာတော့ လေယာဉ်နှစ်စီး တစ်ကြိမ်တည်း လာပစ်တာ။ ဘုန်းကြီးကျောင်းက ဘာမှ သုံးလို့မရအောင် ပျက်စီးသွားတယ်။ အဖွဲ့ဝင်တွေ အကုန် ဒဏ်ရာရတယ်။ အခုထိ ဆေးကုနေရတုန်းပဲ။ အပစ်ခံရတာက ပလိပ်ထွီ ကျေးရွာက ဘုန်းကြီးကျောင်းပါ။ အခု အခြေအနေမှာတော့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေလည်း ခဏနားထားပါမယ်”

ဒီရုံးရဲ့အဖွဲ့ဝင်တွေ အားလုံးဟာလည်း ကိုယ်တိုင်စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး မင်းတပ်မြို့နယ်ထဲက ဘဝတူ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးအတွက် ဖွဲ့စည်းထားတာလို့ သူကဆိုပါတယ်။

လေကြောင်း ဗုံးကြဲမှုကြောင့် တစ်ဖွဲ့လုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဖွဲ့ဝင် နှစ်ယောက် မှာတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရုံးက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး ကွန်ပြူတာတစ်လုံး၊ ဆိုလာ သုံးချပ်၊ ဂျစ်ကားတစ်စီး၊ ဘက်ထရီ လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး၊ ဆိုင်ကယ် နှစ်စီး၊ ခြုံစောင်တွေနဲ့ တခြား လူသုံးကုန်ပစ္စည်း အားလုံးနီပါးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသလို စစ်ကောင်စီကလည်း သီးခြား သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်တွင်း ဒေသခံ ၄၇၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေး နေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org