ရန်ကုန်မှာ စစ်မှုထမ်းဟောင်းတွေကိုဆင့်ခေါ်ပြီး သင်တန်းစပေး

ရန်ကုန်တိုင်းမှာရှိတဲ့ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေအရ ဆင့်ခေါ်ပြီး လှည်းကူးမြို့နယ်မှာရှိတဲ့ ဖောင်ကြီးသင်တန်းကို စေလွှတ်လိုက်ပြီလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေက RFA ကို ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်နေကြသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ Telegram/ Pyi Thu Sitt

ရန်ကုန်တိုင်းမှာရှိတဲ့ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေအရ ဆင့်ခေါ်ပြီး ဧပြီလ ၁၁ ဒီနေ့မှာ လှည်းကူးမြို့နယ်မှာရှိတဲ့ ဖောင်ကြီးသင်တန်းကို စေလွှတ်လိုက်ပြီလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေက RFA ကို ပြောပါတယ်။


စစ်မှုထမ်းဟောင်းအင်အား ခြောက်ဆယ်ခန့်ကို ရန်ကုန်အခြေစိုက် အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းကနေ ဧပြီလ ၅ ရက်နေ့မှာ စတင်ဆင့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။ ဆင့်ခေါ်ထားတဲ့ စစ်မှုထမ်းဟောင်းတွေကို ဧပြီလ ၇ ရက်နေ့မှာ ကျန်းမာရေး ဆေးစစ်တာတွေလုပ်ခဲ့ပြီးနောက် သင်းတန်းကျောင်းကို ပို့လိုက်တာလို့ ဆိုပါတယ်။


အင်းအား ခြောက်ဆယ်ခန့် ဆင့်ခေါ်ခဲ့ပေမယ့် အများစုက စစ်မှုပြန်မထမ်းလိုတာကြောင့် မသွားရောက်ခဲ့ဘဲ အမှန်တကယ်သွားရောက်ခဲ့သူ လူနှစ်ဆယ်ခန့်ပဲရှိတယ်လို့ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေက ပြောပါတယ်။


ပြည်သူ့စစ်မှုထမ်းဥပဒေအရ သားနှစ်ဦးကို စစ်မှုထမ်းဖို့ ခေါ်ယူထားပြီးဖြစ်သလို လက်ရှိမှာလည်း စစ်မှုထမ်းဟောင်းဖြစ်တဲ့ ဖခင်ကိုပါ ထပ်မံဆင့်ခေါ်နေတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ ဆင့်ခေါ်ခံရသူ သားနှစ်ဦးဖခင် စစ်မှုထမ်းဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။


“အခက်အခဲတွေကို မေးစေချင်တာပေါ့။ စိတ်ပါဝင်စားမှု ရှိလား။ လုပ်ချင်လား။ လုပ်ချင်ကိုင်ချင်လာအောင်လည်း ပြောရမှာပေါ့။ တကယ်အခက်အခဲ ရှိတဲ့သူကြတော့ ဒုက္ခရောက်တာပေါ့။ အစ်ကိုတို့ဆို သားနှစ်ယောက်ရော ကိုယ်ရော သုံးယောက်စလုံး စစ်ထဲဝင်တော့ အိမ်မှာ ယောက်ျားသားလည်း မရှိတော့ဘူး။ ဖြေလျှော့မှုလေးတွေ လုပ်ပေးစေချင်တယ်”


လက်ရှိခေါ်ယူမှုမှာတော့ ၂၀၁၉ ခုနှစ်ကစလို့ အသက် ၆၀ ပြည့် ပင်စင်ယူသွားတဲ့ စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ဆင့်ခေါ်နေတာလို့ သူကဆိုပါတယ်။


အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းဖို့ ခေါ်ယူခံရသူတွေထဲမှာ မိခင်အိုကိုလုပ်ကျွေးနေရတဲ့ စစ်မှုထမ်းဟောင်းတချို့လည်း ပါဝင်နေတယ်လို့ ရန်ကုန်မြို့မှာနေတဲ့ စစ်မှုထမ်းဟောင်း နောက်ထပ်တစ်ဦးက ပြောပါတယ်။


ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်နဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဌဋ္ဌရုံး တာဝန်ရှိသူတွေကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။


၂၀၁၀ ခုနှစ်က ရေးဆွဲထားတဲ့ အရန်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်အာဏာတည်ကြောင်း အသက်သွင်းခဲ့တာပါ။ အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းဖို့ဆင့်ခေါ်တာကို မလိုက်နာရင် ထောင်ဒဏ် သုံးနှစ်အထိချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org