မူဆယ်မြို့ စယ်လန့်ရွာအနီး ပြည်သူ့စစ်နဲ့ TNLA တိုက်ပွဲဖြစ်၊ ထိခိုက်သေဆုံးမှုရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း စယ်လန့်ရွာမှာ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းလမ်းပိုင်း စယ်လန့်ရွာမှာ ဇူလိူင်လ ၂၃ ရက်နေ့ မနေ့ညနေ ၅ နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာနားမှာပဲ အပြန်အလှန်ပစ်ကြတာပေါ့။ ရွာသားတွေဆို ဒီနေ့အထိ အိမ်ထဲကနေ မထွက်ရဲကြသေးဘူး ကြောက်လို့။ အခုက အားလုံးတိတ်ဆိတ်နေတာပေါ့နော်”

တိုက်ပွဲမဖြစ်ခင်ရက်ပိုင်းက စစ်ကောင်စီတပ်ဟာ စယ်လန့်ရွာအနီးက စခန်းဟောင်းမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ပြန်လည်နေရာချထားဖို့ ပြင်ဆင်ခဲ့တာလို့ ဒေသခံက ဆိုပါတယ်။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ တိုက်ပွဲဖြစ်တာမှန်ကြောင်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပါ၊ မပါဆိုတာကိုတော့ မသိရဘူးလို့ ပြောပါတယ်။

“ပြည်သူ့စစ်တပ်ဖွဲ့တွေ ပါ၊ မပါ ဆိုတာတော့ မသိရဘူးနော်။ အဲဒီမှာ စစ်ကောင်စီ ဘက်က သုံးယောက်ထိသွားတယ်ဆိုတာတော့ သိရတယ်။ ဖြစ်တာတော့ လမ်းမပေါ်မှာပဲ ဖြစ်တာပါ”

ရှမ်းမြောက်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ စယ်လန့်ရွာအနီးမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ယာဉ်တန်းဖြတ်သွားချိန်မှာ TNLA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာကို ပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က လိုက်လံရှင်းလင်း ချိန်မှာတော့ သေနတ်တစ်လက်နဲ့ TNLA တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်မြို့နယ်တွေမှာ အခုလအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲငါးကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

အလားတူ ဇူလိုင် ၁၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် မန်ကန်ရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့အထိ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org