ရုရှားကို မြန်မာအလုပ်သမား စေလွှတ်ဖို့ရှိနေ

မြန်မာနိုင်ငံက အလုပ်သမားတွေ ရုရှားကိုစေလွှတ်ဖို့အတွက် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက MoU လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဥ်။ Facebook/ Migrant Times Photo

မြန်မာနိုင်ငံက အလုပ်သမားတွေ ရုရှားကိုစေလွှတ်ဖို့အတွက် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် (MoU) လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက RFA ကို ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့မှာ ပြောပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်း အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ထားပေမဲ့လည်း ရုရှားနိုင်ငံကို အလုပ်သမားပို့ဖို့ စီစဥ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဘယ်လိုအလုပ်အကိုင်၊ ဘယ်လိုစနစ်နဲ့ စေလွှတ်မယ်ဆိုတာကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့အနေနဲ့ လက်ရှိပို့နေတဲ့နိုင်ငံတွေကို အလုပ်သမားတွေ လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချသွားခွင့်ရဖို့ နောက်ထပ် ဘာတွေဖြေလျော့မှုတွေ လုပ်ပေးမလဲပဲ စိတ်ဝင်စားတယ်။ ရုရှားပို့ဖို့အတွက်တော့ စိတ်မဝင်စားပါဘူး”

ရုရှားကို မြန်မာအလုပ်သမား စေလွှတ်ရေးနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ရုရှားအစိုးရက နှစ်စဥ် အင်ဂျင်နီယာ၊ နည်းပညာရှင်၊ မန်နေဂျာ၊ ယဥ်ကျေးမှုဆိုင်ရာ အလုပ်သမား စတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် နိုင်ငံခြားသားတွေကို ခေါ်ယူတာလို့ ရုရှားအခြေစိုက် ဗီဇာဝန်ဆောင်မှု ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ visa-russian.ru မှာ ဖော်ပြထားပါတယ်။

ရုရှားနဲ့ စစ်ကောင်စီတို့ဟာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ သဘောတူလက်မှတ် ထိုးလိုက်ကြောင်း ရုရှား စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org