ခင်ဦးမြို့နယ် အင်းပတ်ရွာကို စစ်ကောင်စီတပ် တတိယအကြိမ်မီးထပ်ရှို့
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်က စက်တင်ဘာလ ၂၄ ရက် ဒီကနေ့ မနက် ၅ နာရီမှာ ဝင်ရောက်စီးနင်းပြီး တတိယအကြိမ်မြောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-09-24
-
-
-
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်က စက်တင်ဘာလ ၂၄ ရက် ဒီကနေ့ မနက် ၅ နာရီမှာ ဝင်ရောက်စီးနင်းပြီး တတိယအကြိမ် မြောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနှစ် မေလထဲမှာပဲ စစ်ကောင်စီတပ်တွေက အင်းပတ်ရွာကို နှစ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကိုမီးရှို့ခဲ့လို့ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တတိယအကြိမ်မြောက် ဝင်ရောက်စီးနင်းတဲ့ ဒီမနက်မှာတော့ ရွာထဲကနေ မီးခိုးတွေနဲ့ မီးတောက်တွေကို မြင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အင်းပတ်ရွာကို မဝင်ခင် ဒီမနက်ပဲ ခင်ဦးမြို့ပေါ်က အောင်သီရိရပ်ကွက်ကို ဝင်မွှေပြီး ဒေသခံ နှစ်ဦးကို ဖမ်းသွားသေးတယ်။ ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို ပျုစောထီးတွေက လမ်းပြခေါ်ဆောင်လာတာ၊ ပြီးခဲ့တဲ့ မေလက ဒုတိယအကြိမ် မီးရှို့ခံထားရတယ်၊ အိမ်ခြေ ၃၀၀ နီးပါး ပါသွားတယ်၊ အခုထပ်ဝင်ပြီး ထပ်ရှို့တာပဲ"
စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ဖောက်ပြီး ရွာထဲကို ဒီမနက် ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေနဲ့ လယ်တောတွေဆီ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သူက ပြောပါတယ်။
အင်းပတ်ရွာမှာ အိမ်ခြေ ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၂၀၀၀ ကျော်နေထိုင်ပါတယ်။ လက်ရှိမှာ မီးရှို့မခံရသေးတဲ့ အိမ်ခြေ ၂၀၀ ဝန်းကျင်နဲ့ ယခင်က မီးရှို့ခံထားရတဲ့ နေရာတွေမှာ တဲအိမ်တွေဆောက်ပြီး ပြန်နေတာကြောင့် အခုတစ်ကြိမ်မီးရှို့မှုမှာ အိမ်ခြေဘယ်လောက် ပျက်စီးတယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက အင်းပတ်ရွာနဲ့ တစ်မိုင်အကွာမှာရှိတဲ့ ရွာသစ်ကုန်းရွာမှာ တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၉ ရက် နဲ့ ၂၀ ရက်နေ့မှာ ခင်ဦးမြို့နဲ့ ရေဦးမြို့ကို ဆက်ထားတဲ့ ကားလမ်း မကို ဖြတ်သွားတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်က ရသေ့ရွာ၊ မြင်းဒေါင်းရွာ၊ သာဂရရွာ စတဲ့ ရွာတွေကို ဝင်ရောက်မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင် ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ယခုနှစ် သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းပြီးနောက် လူနေအိမ်ပေါင်း ၂၀,၁၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်လို့ မီးရှို့မှုဖြစ်စဉ်တွေကို လေ့လာပြုစုနေတဲ့ Data For Myanmar အဖွဲ့က သြဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။