ပဲခူးရိုးမတိုက်ပွဲမှာ စစ်သုံ့ပန်း ဆယ်ဦး ဖမ်းမိကြောင်း NUG ပြော
လက်ပံတန်းမြို့နယ် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သုံ့ပန်း ဆယ်ဦး ဖမ်းမိခဲ့ပါတယ်။
-
RFA Burmese
2024-08-25 -
-
-
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ပဲခူးရိုးမပေါ်က ရေငံရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ဩဂုတ်လ ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သုံ့ပန်း ဆယ်ဦး ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီစစ်ကြောင်းကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်သေဆုံးသလို သေနတ်အလက် သုံးဆယ်ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်အတိုင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်နေပြီး ဒီတိုက်ခိုက်မှုဟာ အဲဒီစစ်ရေးလှုပ်ရှားမှုတွေထဲက တစ်ခုလို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဩဂုတ်လ ၂၃ ရက်နေ့က ပဲခူးတိုင်း တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို သွားရောက်ပြီး လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေးတို့အတွက် ဆောင်ရွက်ဖို့ ပြောဆိုခဲ့တာ ရှိပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ကံကြီးကုန်းအုပ်စု ဝိုင်းချောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်မျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ အရင်ကတည်းက တိုက်ပွဲတွေ့ရှိခဲ့ပေမဲ့ လက်ရှိမှတော့ ပဲခူးတိုင်း အနောက်ခြမ်းက လက်ပံတန်း၊ အုတ်ဖို၊ မင်းလှနဲ့ ပြည်မြို့နယ် အပါအဝင် ပဲခူးရိုးမပေါ်မှာပါ တိုက်ပွဲတွေ ရှိလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။