ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ခံအားလုံးနီးပါး ထွက်ပြေးနေရ
ဆမီးမြို့မှာ စစ်ကောင်စီတပ်ဘက်က အခိုင်အမာစခန်းချထားတဲ့ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
-
RFA Burmese
2023-12-17 -
-
-
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ စစ်ကောင်စီတပ်ဘက်က အခိုင်အမာစခန်းချထားတဲ့ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၁၄ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူ အမြောက်အမြားနဲ့ အပြင်းအထန်ပြန်ခုခံနေလို့လည်း ဆိုပါတယ်။
လက်ရှိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဆမီး ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဆမီးမြို့ပေါ်ရပ်ကွက်နဲ့ ရွာတွေမှာ အိမ်ထောင်စု ခြောက်ထောင်ကျော်ရှိပြီး လူဦးရေသုံးသောင်းကျော် နေထိုင်ကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ရုံးဖွင့်မှ ပြန်လည်ဆက်သွယ်ဖို့ အကြောင်းပြန်ပါတယ်။
(AA) ဟာ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာစခန်းတွေကို ဒီဇင်ဘာ ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိ ဆမီးမြို့ထဲက ဗျူဟာကုန်းကို ဆက်ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။
"၁၀၂၇ စစ်ဆင်ရေး" စတင်ချိန်ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ၄၅ ရက်(တစ်လခွဲ) အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ စစ်ကောင်စီတပ်စခန်း (၁၄၀) ကျော် သိမ်းနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။