ဆန္ဒပြကျောင်းသားတွေကို ဖိအားမပေးဖို့ လူငယ်ကွန်ဂရက် တောင်းဆို

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အစိုးရအနေနဲ့ အာဏာသုံးပြီး ဖိအားပေးတာတွေမလုပ်ဖို့နဲ့ အကြမ်းဖက်တာတွေ မလုပ်ဖို့ အမျိုးသားလူငယ်ကွန်ဂရက် ကနေ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ် Photo: Khaymani Win/ RFA

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အစိုးရအနေနဲ့ အာဏာသုံးပြီး ဖိအားပေး တာတွေမလုပ်ဖို့နဲ့ အကြမ်းဖက်တာတွေ မလုပ်ဖို့ အမျိုးသားလူငယ်ကွန်ဂရက်ကနေ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အမျိုးသားလူငယ်ကွန်ဂရက်အနေနဲ့ ကျောင်းသားတွေ တောင်းဆိုမှုအပေါ် ထောက်ခံပြီး ရပ်တည်ပေးသွားမှာဖြစ် တယ်လို့ အတွင်းရေးမှူး ကိုအောင်ကျော်ဆန်းက ပြောပါတယ်။

"ကျောင်းသားတွေ ပညာရေးဘတ်ဂျက်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုတာကို ကျနော်တို့ အမျိုးသား လူငယ် ကွန်ဂရက်အနေနဲ့ ထောက်ခံတယ်၊ ဒုတိယတစ်ချက်က မနေ့ညကလိုကိစ္စမျိုးပေါ့ ကျောင်းသားတွေကို အကြမ်းမဖက်ရဘူး၊ အာဏာသုံးပြီး မဖြေရှင်းရဘူး၊ ကျောင်းသားတွေနဲ့ အမြန်ဆုံး ညှိနှိုင်းဖို့ ကျနော်တို့ အနေနဲ့ ထုတ်ပြန်တာပါ"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေဟာ ရတနာပုံတက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ အခုလ ၂၂ ရက်နေ့ကစတင်ပြီး ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် ဆန္ဒထုတ်ဖော် မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကျောင်း သားတွေ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။

အဲဒီ ဆန္ဒပြကျောင်းသားတွေကို ဒီနေ့မနက်အစောပိုင်းမှာ သက်ဆိုင်ရာကဖမ်းဆီးပြီး မိဘတွေဆီကို ပြန်လည် ပို့ဆောင်ခဲ့တာကြောင့် သပိတ်စခန်း ပျက်သွားပြီဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ အသုံးစားရိတ် အတွက် ငွေကျပ် ဘီလီယံ ၈၀၀ ကျော် တောင်းခံထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org