ဆန္ဒပြကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပြု

ပညာရေးအသုံးစရိတ် မြှင့်တင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့အတွက် ပညာသင်ကြားခွင့် ရပ်စဲခံရတဲ့ ကျောင်းသား ၅၆ ယောက်ကို ကျောင်းပြန်တက်ခွင့်ပေးလိုက်တယ်လို့ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း က ပြောပါတယ်။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ် Photo: Khaymani Win/ RFA

ပညာရေးအသုံးစရိတ် မြှင့်တင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့အတွက် ပညာသင်ကြားခွင့် ရပ်စဲခံရတဲ့ ကျောင်းသား ၅၆ ယောက်ကို ကျောင်းပြန်တက်ခွင့်ပေးလိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။

ကျောင်းသားတွေအနေနဲ့ ခံဝန်ထိုးစရာမလိုဘဲ ကျောင်းပြန်တက်ခွင့်ရတဲ့အကြောင်းကို ကျောင်းတွေကို အကြောင်း ကြားနေတယ်လို့ ဒေါက်တောင် အောင်အောင်မင်း က ပြောပါတယ်။

"သင်တန်းက ရပ်စဲခံရတာပေါ့။ စာအသုံးအနှုန်းအရပေါ့။ သင်တန်းက ရပ်စဲခံထားရတဲ့ ကျောင်းသားတွေ အကုန်လုံးကို ကျောင်းပြန်လက်ခံရေးပေါ့။ အရင်လည်း လက်ခံပါတယ်။ အခုပဲကျောင်းတွေကို ဖုန်းဆက်ပြီး အကြောင်းကြားနေတာပါ။ အခုပဲ ကျောင်းတက်လို့ရပါပြီ"

မကွေးတိုင်းအစိုးရအဖွဲ့ရုံးခန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ (ဗ.က.သ) အဖွဲ့ဝင် ကျောင်းသားတွေ နဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို ကျောင်းပြန်လက်ခံဖို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။

ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့ မကွေးတိုင်းဝန်ကြီးချုပ်က ကြားဝင် ညှိနှိုင်းပေးခဲ့တာလို့ ပြောပါတယ်။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကျောင်းသား ၇၂ ယောက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး ၃ ရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့တာပါ။ အဲဒီထဲက ကျောင်းသား ၅၆ ကို ဇန်နဝါရီ နောက်ဆုံးပတ်ကနေစပြီး သက်ဆိုင်ရာ ကျောင်းတွေကနေ ပညာသင်ကြားခွင့် ရပ်နားလိုက်တာဖြစ် ပါတယ်။

ပညာသင်ကြားခွင့် ရပ်နားခံခဲ့ရတဲ့ ကျောင်းသား အရေအတွက်ကတော့ ရတနာပုံတက္ကသိုလ်က ၁၄ ယောက်၊ ရမည်းသင်း နည်းပညာတက္ကသိုလ်က ၁၁ ယောက်၊ မိတ္ထီလာတက္ကသိုလ်က ၉ ယောက်၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်က ၆ ယောက်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်က ၁ ယောက်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်က ၃ ယောက်၊ မိုးညှင်း ဒီဂရီကောလိပ်က ၄ ယောက်၊ ကန့်ဘလူ အစိုးရ စက်မှုလက်မှု သိပ္ပံ ၇ ယောက်နဲ့ ကျောက်ဆည်တက္ကသိုလ်က ၁ ယောက်တို့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org