မလေးရှားက မြန်မာစက်ရုံလုပ်သားအားလုံး ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ရမည်
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား စက်ရုံအလုပ်သမားတွေကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေပါတယ်။
-
လုဆိုင်း
2020-11-29 -
-
-
မလေးရှားနိုင်ငံ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ မလေးရှားအစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်က စက်ရုံတစ်ခုမှာ နိုင်ငံခြားသား အလုပ်သမား တစ်ထောင့် ငါးရာကျော်ထိ ကိုဗစ်ရောဂါပိုး ကူးစက်ခဲ့ပြီးတဲ့နောက် အခုလိုအမိန့် ထုတ်ပြန်လိုက်တာပါ။
တရားမဝင်အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး အစီအစဉ်မှာလည်း ကျန်းမာရေးစစ်ဆေးဖို့ ပါဝင်လာတာ ဖြစ်တယ်လို့ မလေးရှားက မြန်မာလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေသူ ဦးသီဟမောင်မောင်က ပြောပါ တယ်။
“နဂိုကတည်းက ဒီစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတာပါ။ အလုပ်ရှင်တွေဘက်ကနေ ကိုဗစ်နဲ့ပတ်သက်ပြီး စစ်ရမယ်ဆိုပြီး ကြေငြာချက် ထုတ်တာပေါ့နော်။ အခုဟာက တရားမဝင် လုပ်သားတွေကို တရားဝင်ဖြစ်အောင် ကိုဗစ် test ကလည်း မဖြစ်မနေ အခန်းကဏ္ဍတစ်ခု ရှိလာတယ်။ အဲဒါကြောင့် သတင်းထုတ်ပြန်ထားတာပါ။ တရားဝင်တွေရော ဒီအတိုင်း စစ်ခိုင်းတယ်လေ။ ဒါက ကိုဗစ်နဲ့ပတ်သက်ပြီး လုပ်ရမယ်ဆိုတာ ကြေငြာချက်ထုတ်တာပဲ ရှိတယ်။ ဒါကိုတော့ လောလောဆယ် တွင်တွင်ကျယ်ကျယ် လုပ်တာမတွေ့သေးဘူး။”
မလေးရှားနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမား ၁.၇ သန်းကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စစ်ဆေးပြီး အဲဒီထဲ မှာ ကိုးသိန်းလောက်ကို အမြန်ဆုံးစစ်ဆေးဖို့ စီစဉ်နေကြောင်း ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ ဦးဆောင်နေတဲ့ မလေးရှားကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob ကို ကိုးကားပြီး မလေးရှားအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဆလန်ဂေါ၊ ပီနန်၊ ကွာလာလမ်ပူ၊ labuan ၊ Negeri Sembilanစတဲ့ နိုင်ငံခြား သားတွေများတဲ့ နေရာတွေမှာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ဆေးတဲ့ ကုန်ကျစရိတ်ကို အလုပ်ရှင်က ကျခံရမှာဖြစ်ပြီး အလုပ်သမားတစ်ဦးအတွက် မလေးရှား ရင်းဂစ်ငွေ ၆၀ လောက် ကုန်ကျမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓမ္မရတနာရွှေမြန်မာ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်ကလည်း စက်ရုံအလုပ်ရုံတိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဆလန်ဂေါပြည်နယ်က စက်ရုံတစ်ခုမှာ ထောင်နဲ့ချီ တွေ့လိုက်တော့ အဲဒီကစက်ရုံတွေ အကုန် စစ်ရတယ်ဗျ။ အဲဒီစက်ရုံက အလုပ်သမား တော်တော်များတယ်။"
ဆလန်ကောပြည်နယ်မှာ နိုင်ငံခြားသား အလုပ်သမား တစ်ထောင့် ငါးရာကျော် ကိုဗစ်ရောဂါပိုး ကူးစက်တာ တွေ့ရှိခဲ့ပြီးနောက် စက်ရုံ ၂၈ ရုံကို အရေးပေါ် ပိတ်ထားဖို့ မလေးရှားအာဏာပိုင်တွေက ညွှန်ကြား ထားပါတယ်။
အသွားအလာကန့်သတ်ထားတဲ့ နေရာတွေမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးပြီး တရားမဝင် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့က ဆလန်ကော်ပြည်နယ်မှာ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ စီမံချက်အတွင်း နိုင်ငံခြားသား ၁၄၀ ကျော်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးဌာနတို့ အပါအဝင် ဌာနပေါင်းစုံက ပူးပေါင်းပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲမှာ မြန်မာ ၆၀ လောက် ပါဝင်ခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား ငါးသိန်းကျော်လောက်ရှိပြီး ကိုဗစ်အရေးပေါ်ကာလမှ အလုပ်အကိုင်မရှိလို့ နေရပ်ပြန်သူတွေလည်း ရှိနေသလို၊ တရားမဝင် မြန်မာလုပ်သားတွေကိုလည်း နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး တရားဝင်ဖြစ်ရေး လုပ်ပေးနေပါတယ်။