မြန်မာပြဿနာမှာ အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချပေးဖို့ မလေးရှား တိုက်တွန်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို မြန်မာအရေးနဲ့ ပါလက်စတိုင်းအရေးတွေမှာ ကုလအနေနဲ့ အရေးယူဆောင်ရွက်နိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချမှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေး၀န်ကြီး မိုဟာမက် ဟာဆန် (ယာ) နှင့် Andorra နိုင်ငံခြားရေးဝန်ကြီး Imma Tor Faus တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပသည့် ကုလရုံးချုပ် အစည်းအ၀ေးတွင် တွေ့ရစဉ်။ Bernama

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က သောကြာနေ့က ကျင်းပတဲ့ နယူးယောက်မြို့ ကုလရုံးချုပ် အစည်းအဝေးတစ်ခုမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကို မြန်မာနိုင်ငံအရေးနဲ့ ပါလက်စတိုင်းအရေးတွေမှာ ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်နိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချမှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီးမိုဟာမက် ဟာဆန်က အဲဒီနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေပါလို့ ပြောပါတယ်။

“ကျွန်တော်တို့စိုးရိမ်နေရတာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ထိထိရောက်ရောက် အကူအညီပေးနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးချပေးဖို့ ပြောတာ” လို့ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောပါတယ်။

မလေးရှားဝန်ကြီးက ဒီအစည်းအ၀ေးမှာပဲ ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာ၀န်ယူရမဲ့ မလေးရှားနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org