စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို ထုတ်ဖော်ပြောကြဖို့ အာဆီယံကို မလေးရှားတိုက်တွန်း
"ပြည်တွင်းရေးဝင်မစွက်ဘူး" ဆိုတာဟာ ဥပေက္ခာပြုထားဖို့ လိုင်စင်ထုတ်ပေးထားတာ မဟုတ်ဘူးလို့ သူယုံကြည်ကြောင်းလည်း ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောပါတယ်။
-
RFA Burmese
2023-03-02 -
-
-
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဗြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုကြဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim)က တိုက်တွန်းလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို အလည်အပတ်ရောက်နေစဉ်အတွင်း မတ်လ ၂ ရက်နေ့မှာ ဖိလစ်ပိုင်တက္ကသိုလ်က ချီးမြှင့်တဲ့ "ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး" ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံယူအပြီး မိန့်ခွန်းပြောရာမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံတွင်းက ပြဿနာတွေ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အသံတိတ်မနေသင့်ကြောင်း၊ ဘုံသဘောတူညီချက်၊ ပြည်တွင်းရေး ဝင်မစွက်ရေး ဆိုတဲ့အာဆီယံမူတွေကို အသေဆုတ်ကိုင်မထားကြဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
"ပြည်တွင်းရေးဝင်မစွက်ဘူး" ဆိုတာဟာ ဥပေက္ခာပြုထားဖို့ လိုင်စင်ထုတ်ပေးထားတာ မဟုတ်ဘူးလို့ သူယုံကြည်ကြောင်းလည်း ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောပါတယ်။
အခမ်းအနားအပြီး AP သတင်းဌာနရဲ့မေးခွန်းကို ဖြေဆိုရာမှာ… မလေးရှားတစ်နိုင်ငံတည်းမှာတင် မြန်မာဒုက္ခသည် နှစ်သိန်းဝန်းကျင် ရှိနေတဲ့အတွက် မြန်မာ့အရေးဟာ ဒေသတွင်းကိုပါ ထိခိုက်လာနိုင်ကြောင်း၊ သူ့အနေနဲ့ မြန်မာကို အာဆီယံအဖွဲ့ထဲက ထုတ်ပစ်ဖို့ ပြောနေတာမဟုတ်ကြောင်း၊ အာဆီယံအဖွဲ့တွင်းမှာ မြန်မာ ဆက်လက် ပါဝင်နေသင့်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မလေးရှားဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အန်ဝါအီဗရာဟင်ဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အများဆုံး ဝေဖန်နေသူတစ်ဦး ဖြစ်ပါတယ်။
အခု ဖိလစ်ပိုင်ခရီးစဉ်အတွင်း ဖိလစ်ပိုင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်ရဲ့သား လက်ရှိသမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တွေ့ဆုံဆွေးခဲ့ပြီး မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့ နည်းလမ်းသစ်ရှာကြံရေး ဆွေးနွေးခဲ့ပါတယ်။