လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ခုနစ်ယောက်ကို မလေးရှားရဲ ကယ်တင်

အသက် ၂၆ နှစ်ကနေ ၄၃ နှစ်အရွယ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦး ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့နှင့် ဂျိုဟိုးပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားအချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့က တွေ့ရစဥ်။ Facebook/ Jabatan Imigresen Malaysia

မလေးရှားနိုင်ငံမြောက်ပိုင်း Kuban Pasu ခရိုင်မှာ တရားမဝင်လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ခုနစ်ယောက်ကို မလေးရှားရဲတွေက ကယ်တင်နိုင်ခဲ့ကြောင်း The Straits Times သတင်းက ဖော်ပြပါတယ်။

နိုဝင်္ဘာ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့က ပြည်နယ် အဝေးပြေးလမ်းမကြီးရဲ့ ထွက်ပေါက်တစ်ခုအနီးမှာ မသင်္ကာစရာ ယာဉ်တစ်စင်းကို တွေ့ရှိခဲ့ပြီးနောက် ရပ်တန့်ဖို့ ကြိုးစားရာမှာ ယာဉ်မောင်းက ရုတ်တရက်အရှိန်မြှင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး လမ်းဆုံမှာ ယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်း၊ အသက် ၂၈ နှစ်အရွယ် ယာဉ်မောင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ရဲတပ်ဖွဲ့က အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

အဲဒီမော်တော်ယာဉ်ထဲမှာ အသက် ၂၆ နှစ်ကနေ ၄၃ နှစ်အရွယ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦး ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံသား ယာဉ်မောင်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနဲ့ အရေးယူထားပြီး မြန်မာနိုင်ငံသားတွေကိုတော့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လူဝင်မှုကြီးကြပ်ရေးအက်ဥပေဒနဲ့ စစ်ဆေးနေတယ်လို့ သတင်းက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org