မြန်မာ့အရေး NUG နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကို မလေးရှားဝန်ကြီးဟောင်း အဆိုပြု

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့နဲ့ မဖြစ်မနေထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာက အာဆီယံကို အဆိုပြုလိုက်ပါတယ်။

၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံစည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ။ Reuters

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ မဖြစ်မနေထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ (Saifuddin Abdullah)က အာဆီယံကို အဆိုပြုလိုက်ပါတယ်။

ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့အတူ မလေးရှားနိုင်ငံက The Jeffrey Cheah ပညာရေး ဖောင်ဒေးရှင်းတို့ ဇူလိုင် ၂၂ ရက်နေ့က ပူးတွဲကျင်းပတဲ့ အာဆီယံရဲ့  ၂ဝ၂၃ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ သူပြောကြားခဲ့တာပါ။

"အာဆီယံဟာ လက်ရှိမှာ မြန်မာ့အရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်၊ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး စည်းမျဉ်းတွေအောက်မှာ ပိတ်မိမနေသင့်ဘူး၊ အာဆီယံအနေနဲ့ NUG, NUCC နဲ့ အခြား သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ မြန်မာ့ပြဿနာကို ပွင့်ပွင့်လင်းလင်း အတူတကွဖြေရှင်းလုပ်ဆောင်သင့်တယ်"

မြန်မာ့အရေးအတွက် အာဆီယံ ၁ဝ နိုင်ငံလုံး ပါဝင်လုပ်ဆောင်ဖို့ စိန်ခေါ်မှုဖြစ်နေကြောင်း၊ ဒီနေ့အချိန်အထိတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး NUG၊ NUCC နဲ့ ဆက်ဆံရေးရှိတဲ့အကြောင်း ဒါမှမဟုတ် ဒီအဖွဲ့တွေကို တရားဝင်ထောက်ခံကြောင်း မလေးရှား၊ စင်ကာပူ နဲ့ အင်ဒိုနီးရှား နိုင်ငံ သုံးနိုင်ငံကပဲ ထုတ်ဖော်ကြေညာခဲ့တယ်လို့ ဆိုင်ဖူဒင် အဗ္ဗဒူလာ က ပြောကြားတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org