မလေးရှားဗီဇာကြေး စက်တင်ဘာ ၁ ရက်နေ့ကစ တိုးမြှင့်ကောက်ခံ

မလေးရှားနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကြေးကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုးမြှင့်မှာဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင် မြင်ကွင်း။ Reuters

မလေးရှားနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကြေးကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုးမြှင့်မှာဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

အလုပ်လုပ်ခွင့်ဗီဇာအတွက် အရင်က မလေးရှားရင်းဂစ်ငွေ ၈ဝဝ ကနေ အခု ၂ဝဝဝ အထိ တိုးမြှင့်လိုက်ပြီး ဒီဗီဇာနဲ့ မလေးရှားနိုင်ငံမှာ လပေါင်း ၆ဝ အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဗီဇာခွင့်ပြုချက် ရထားသူတွေဟာ အိမ်ထောင်ဖက်နဲ့ အသက် ၁၈ နှစ်အောက် သားသမီးတွေကို ခေါ်ယူခွင့် လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။ မှီခိုဗီဇာကြေးကိုတော့ အရင်က မလေးရှားရင်းဂစ် ၄၅ဝ ကနေ အခု ၅ဝဝ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်မယ့် နိုင်ငံခြားသားပညာရှင်တွေအတွက် ဗီဇာကြေးကို ရင်းဂစ်ငွေ ၈ဝဝ ကနေ ၁၂ဝဝ အထိ တိုးမြှင့်လိုက်ပါတယ်။ ဒီဗီဇာဟာ မလေးရှားနိုင်ငံမှာ တစ်နှစ်အထိ ခေတ္တနေထိုင်ခွင့် ပြုထားပါတယ်။

အလားတူ မလေးရှားမှာ အနည်းဆုံး ၆ လနေထိုင်ခွင့်ပေးတဲ့ နိုင်ငံခြားသားတွေအတွက် အလည်အပတ် ဗီဇာကြေးကိုလည်း ရင်းဂစ် ၄၅ဝ ကနေ ၅ဝဝ တိုးမြှင့်ထားပါတယ်။ ဒီဗီဇာနဲ့ မလေးရှားနိုင်ငံသားတွေရဲ့ နိုင်ငံခြားသား အိမ်ထောင်ဖက်တွေဟာ နိုင်ငံအတွင်း ငါးနှစ်အထိ နေထိုင်ခွင့်ပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org