မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရ တိုက်လေယာဉ်တွေပျက်စီး

နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်တဲ့အတွက် ဂျက်တိုက်လေယာဉ်သုံးစီး၊ တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားရှစ် ဦးလောက် သေဆုံးသွားတယ်လို့ မြေလတ်ရွှေလင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်ကို မြင်တွေ့ရစဉ်။ Photo: Golden Eagle Myaylatt

မကွေးလေတပ်စခန်းဌာနချုပ်ကို KNU နဲ့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ငါးဖွဲ့ ပူးပေါင်းပြီး ၁၀၇ ရှော့တိုက်ဒုံးသုံးလုံးနဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်တဲ့အတွက် ဂျက်တိုက်လေယာဉ်သုံးစီး၊ တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားရှစ် ဦးလောက် သေဆုံးသွားတယ်လို့ မြေလတ်ရွှေလင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Golden Eagle Myaylatt က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၆ နာရီ ကျော်လောက်မှာ ပစ်ခတ်တာဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးလောက် ပွဲချင်းပြီး သေဆုံးတယ်လို့ ပြောပါတယ်။ ကျန် သုံးယောက်က ဆေးရုံမှာ သေဆုံးတယ်လို့ တပ်တွင်းက ပေးပို့တဲ့သတင်းတွေအရသိရတဲ့အကြောင်း မြေလတ်ရွှေလင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ခံက RFA ကိုပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU က ဦးဆောင်ပြီး ရွှေလင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Eagle PDF Magway၊ ရေနံချောင်း PDFနဲ့ ဘီလူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ လျော့ကျသွားအောင် အခုလိုပစ်ခတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း အခုလိုစစ်ကောင်စီရဲ့ လေတပ်စခန်းဌာနချုပ်တွေကို တိုက်ခိုက်မယ်ဆိုရင် စစ်မြေပြင်မှာ အရေးသာနိုင်တယ်လို့ ပြောပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိဘဲ စစ်ကောင်စီလက်အောက်ခံ ပြောခွင့်ရသူ မကွေးတိုင်းလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA ဆက်သွယ်ပေမယ့် ဖုန်းပိတ်ထားပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဆက်သွယ်လို့မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org