မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ ကျင်းပ
2012.06.01

ဒီအခမ်းအနားမှာ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးနဲ့ နိုင်ငံရေးအကျဉ်းကျ ရှေ့နေများ လိုင်စင်ပြန်လည်ရရှိရေး စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြကြကြောင်း ဦးဆောင်စီစဉ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
"အဓိကအချက်ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ လယ်သမား၊ အလုပ်သမားပေါ့နော်၊ စာပေစာနယ်ဇင်းတို့ အစိုးရချုပ်ကိုင်မှု ကင်းလွှတ်ပြီးတော့ ဖွဲ့စည်းတည်ထောင်ခွင့် ပေးထားတယ်။ ကျွန်တော်တို့ရှေ့နေ ရှေ့ရပ်တွေမှာကျတော့ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိဘူး။ နောက်ဘားကောင်စီ ဥပဒေကလည်း ကျွန်တော်တို့ကို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေပဲဖြစ်တယ်။ ကျွန်တော်တို ရှေ့နေတွေကို ကိုယ်စားမပြုဘူး။ နောက်ပါတဲ့သူတွေကလည်း ဂုဏ်သိက္ခာရှိတဲ့၊ ဂုဏ်သတင်း ကျော်ဇောတဲ့ ရှေ့နေတွေမပါပဲနဲ့ အစိုးရဝန်ထမ်းဟောင်း၊ ဥပဒေအရာရှိတွေတို့၊ တရားသူကြီးဟောင်းတွေကို ထည့်ထားပြီးတော့ ကျွန်တော်တို့ ရှေ့နေအားလုံးရဲ့ ကိုယ်စားမပြုနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒီကိစ္စတွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ပေးဖို့အတွက် ကျွန်တော်တို့ လှုပ်ရှားမှု ဖြစ်ပါတယ်"
ဒီစာတမ်းဖတ်ပွဲမှာ အခွန်ဥပဒေ တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်စာတမ်း၊ တရားရုံးအဆောက်အဦးကို တခြားဌာနများကို ချထားတဲ့ ကိစ္စ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးအတွက် ဘားကောင်စီ ဥပဒေကို ဝေဖန်ချက်စာတမ်းနဲ့ နိုင်ငံရေးမှုကြောင့် အကျဉ်းကျခံရပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့ ရှေ့နေများရဲ့ကိစ္စ စတဲ့ စာတမ်း ၄ စောင်ကို ဥပေဒပညာရှင် ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦး နဲ့ ၈၈- မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။
ဒီအခမ်းအနားကို NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။